တိုက်ပွဲသတင်း

ကသာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း သေဆုံး

ကသာမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ကြား ၂ ရက်ဆက်တိုက်ပွဲ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးပြီး ဒေသကာကွယ်ရေးတပ်မှလည်း ၁ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကျနော်တို့ကြိုသတင်းရလို့ စောင့်တိုက်တာကနေ တိုက်ပွဲက ၂ ရက်ဆက်တိုက်လိုဖြစ်သွားတာ။ ထိခိုက်သေဆုံးမှု ၂ဖက်စလုံးရှိတယ် ဟု ကသာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အင်အား ၁၇၂ ဦးခန့်ရှိသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ချောင်းဝကျေးရွာမှတဆင့် ကသာမြို့ဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာစဥ် မိုးတားလေးရွာနှင့် မြေနုကြားအ‌ရောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးပြီး ဒေသကာကွယ်ရေးဖက်မှ ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီဝန်းကျင်တွင်လည်း ကသာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းအား မိုးတားလေး ပြည်သူ့ကာကွယ်ရေးတပ်မှ အထက်သံပုရာကုန်းရွာနှင့် ရေနီရွာကြားတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ပွင့်ဗိုလ်တစ်ဦးဒဏ်ရာပြင်းထန်ကာ ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

သူတို့အလောင်းတွေကို ကျင်းအကျယ်တူးပြီး တစ်ကျင်းထဲ ပေါင်းမြုပ်သွားတယ်။ မြေပုံပေါ်မှာ RPG သီးကျည်တစ်လုံး အမှတ်အသားပြုလုပ် စိုက်ထောင်ထားတာ တွေ့ရတယ် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ပြည်သူ ၂၀ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စုစုပေါင်း ၇ ဦးထက်မနည်း သေဆုံး၍ ၂ ပွင့်ဗိုလ်တစ်ဦး အပါအဝင် အမြောက်အများ ဒဏ်ရာရရှိခဲ့ပြီးနောက် ဧရာဝတီ မြစ်ကြောင်းမှတဆင့် စက်လှေ၊ သံခွံမော်တော်များဖြင့် ကသာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button