သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် မိဿလင်ကျေးရွာတွင် စစ်ကောင်စီတပ်ဝင်ရောက်လာသဖြင့် ထွက်ပြေးရန်ပြင်ဆင်နေသော ဒေသခံများ ပစ်ခတ်ခံရပြီးနောက် သက်ကြီးရွယ်အို နှင့် ကလေးငယ် ကျည်ဆန်ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

အသက် ၇၅ နှစ်အရွယ် ဦးကြယ်နီ၏ ညာဘက်ဒူး ကျည်ဆန်ပေါက်ထွက်ကာ ခြေထောက်ကျိုးနိုင်ပြီး၊ အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်းသည် ညာဘက် လက်ကောက်ဝတ် ပွင့်ထွက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးတောင်ဘို့က စကစတွေအဖွဲ့က ကန့်ဘလူမြောက်ခြမ်းကို နှစ်ဖွဲ့ခွဲပြီး ထွက်လာကြတာ အဲ့ချိန်မှာ ဒေသခံပြည်သူတွေက ငါတို့ရွာဘက်ကိုစစ်ကြောင်းကထိုးလာနိုင်တယ်ဆိုပြီး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်ရှောင်ကြတာ။ အဲ့မှာ အဘိုးတို့ကလေးတို့က နောက်ဆုံးကျန်ခဲ့တဲ့အနေအထားပေါ့ စကစကလည်း ကင်းပုန်းဝပ်ပြီး လာတော့ အိမ်ပေါ်ကအဆင်း ရွာကအထွက်မှာ လှမ်းပစ်တာ လူကိုမြင်ရက်နဲ့ရမ်းပစ်တာပါ ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ကောလင်းမြို့နယ် အင်ပင်သာ ၅ ရွာကွင်းအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိနာခဲ့သည့် တိုက်ပွဲတွင်ပါဝင်ခဲ့သူများဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်း ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းသို့ အင်အား ၈၀ ဝန်းကျင်ဖြင့် သုံးဖွဲ့ခွဲကာ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ကန့်ဘလူမြောက်ခြမ်းကို စစ်ကြောင်းထိုးနေသောကြောင့် ကိုးတောင်ဘို့တိုက်နယ်မှ ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကိုးတောင်ဘို့ တိုက်နယ်သည် အုပ်စုခြောက်အုပ်စု ရွာပေါင်း ၂၃ ရွာ ဖြင့်ဖွဲ့စည်းထားသည်ဟု ဒေသခံများက ဆိုသည်။

Show More

Related Articles

Back to top button