အင်းတော်တွင် စစ်ကောင်စီ လက်နက်ကြီး ကြောင့် တစ်နှစ်ကျော်ကလေးနှင့် သက်ကြီးရွယ်အိုတစ်ဦး ထိမှန်
ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီ ခမရ ၃၀၃ တပ်မှ ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ အင်းတော်မြို့ နဘားကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကြောင်းသည် စက်တင်ဘာ ၁၈ ရက်နေ့က နားမကြိုင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်စဥ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နှစ်ကြိမ်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရာ အထိနာခဲ့သောကြောင့် ယနေ့နံနက်ပိုင်းက နားမကြိုင်းရွာတွင်းသို့ လမ်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦ လက်နက်ကြီးထိမှန်ခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။
”သူတို့က နှစ်ကြိမ်တိုက်ခိုက်ခံရတာကိုမှ အထိနာခဲ့တော့ ဒီနေ့မနက် မနက် ၆နာရီမှာ နားမကြိုင်းရွာနားကနေ ရွာထဲကို လက်နက်ငယ်တွေရမ်းပစ်တာ။ တစ်နှစ်နဲ့ခြောက်လကလေးက လက်မောင်ကိုထိတယ်။ ပြီးတော့ အသက်ကြီးကြီး ၈၀ လောက်ရှိမယ်။ သူက မျက်နှာတွေထိတာ ကလေးကော လူကြီးကော အင်းတော်ဆေးရုံမှာပို့ ထားတယ်။” ဟု အင်းတော် PDF မှ ပြောသည်။
လက်နက်ထိမှန်ထားသည့် အသက်ကြီးရွယ်အိုမှာ မစိုးရိမ်ရသော်လည်း ကလေးငယ်မှာ အနည်းငယ် စိုးရိမ်ရကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်က နားမကြိုင်းကျေးရွာနှင့် နဘားကျေးရွာကြား လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များဖြင့် ထိတွေ့တိုက်ပွဲတစ်ကြိမ်နှင့် ယနေ့ နံနက် ၆ နာရီအချိန်က နားမကြိုင်းရွာအနီး၌ ထမင်းစား နေစဥ် နှစ်ကြိမ်တိတိ တိုက်ခိုက်ခံရသဖြင့် အထိနာခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။
”သူတို့ထမင်းစားနေတဲ့ခါတိုက်ခိုက်ခံရတာဆိုတော့ သူတို့ဘက်က အထိနာတယ်တဲ့အကျအဆုံးတော့များတယ်သိရတယ်။ စာရင်းအသိအကျတော့မသိရသေးဘူး။ နယ်မြေရှင်းလင်းရေးလုပ်မှ သူတို့မြှပ်ထာတဲ့ အလောင်းတွေတွေ့ရမှအကျအဆုံးသိရမှာ ခုလောလောဆယ်တော့ နယ်မြေရှင်းလင်းလို့မရသေးဘူး‘ ‘ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ခမရ ၃၀၃ တပ်မှ စစ်သားသုံးဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က နဘားကျေးရွာတွင် တပ်စွဲထားစဥ် ထွက်ပြေးသွားပြီးနောက် ထီးချိုင့် PDF နှင့် အင်းတော် PDF ပူးပေါင်းတပ်က ထီးချိုင့်–အင်းတော်လမ်းပိုင်းတွင်စစ်ဆေး ဖမ်းဆီးထားမိရာ အလင်းဝင် ပူးပေါင်းသွားကြောင်း သိရသည်။