Fact Checkသတင်း

ကြည့်ရှုသူများ စိတ်ဝင်စားမည့် ခေါင်းစဉ်ဖြင့် သတင်းအမှားများကို  Youtube ပေါ်ဖြန့်နေ

ဗဟိုဘဏ်နှင့် KBZ ပြဿနာတက်ပြီ ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေးဆိုပြီး Youtube ပေါ်တွင် ကြည့်ရှုမှုများအောင် သတင်းခေါင်းစဥ်အမှားဖြင့် လုပ်ကြံဖန်တီး ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။

အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၁ သိန်း ၅ သောင်းကျော် (Subscribers 158K) ရှိသော “News In Burmese” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီးနောက် လက်ရှိတွင် ကြည့်ရှုသူ ၁ သောင်းကျော်သွားပြီဖြစ်သည်။

သတင်းဆန်းစစ်ချက်အရ “ဗဟိုဘဏ်နှင့် KBZ ပြသာနာတက်ပြီး ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဆိုသည့် သတင်းကို “KBZ Bank” ဖေ့စ်ဘုတ်စာမျက်နှာနှင့် ယုံကြည်ရသော ပြည်တွင်း သတင်းမီဒီယာစာမျက်နှာများတွင် ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။

ထို့အပြင် သတင်းခေါင်းစဥ်နှင့် ဗီဒီယိုထဲက အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရပါသည်။

ဗီဒီယိုထဲတွင် ဖော်ပြထားသောကြောင်းအရာမှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်ပအလုပ်သမားတွေရဲ့ လစာကို KBZဘဏ်က တစ်ဒေါ်လာ ၃၀၀၀ နှုန်းနဲ့ လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နှုန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောပါတယ်ဆိုသည့် အကြောင်းအရာသာ ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် “ဗဟိုဘဏ်နှင့် KBZ ပြသာနာတက်ပြီး ကမ္ဘောဇဘဏ်ကို ဖျက်သိမ်းပြီ ငွေအပ်သူများ ပြန်မပေး” ဟူသော ဖော်ပြချက်သည် သတင်းအမှားတစ်ခုသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ယခုလို Youtube ပေါ်တွင် ပရိသတ် စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်များဖြင့် ကြည်ရှုသူများအောင်  ဗီဒီယိုပြုလုပ်နေသူများ၏ အဓိကရည်ရွယ်ချက်မှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာ ဖြစ်သည်။

သတင်းအမှားများသည် အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ပရိသတ်များအနေဖြင့် Youtube ပေါ်တွင် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို တွေ့ရှိသော်လည်း သတင်းမီဒီယာများ၏ ဖော်ပြချက်ဖြင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button