သတင်း

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်  နန့်ယားကျေးရွာ၏ စစ်ကောင်စီလက်အောက်ခံ လက်ရှိပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ယနေ့နံနက် ၇နာရီခွဲဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ဦးထွန်းထွန်းဦးသည် နန့်ယားစစ်တပ်ကုန်းမှ သူ၏ နေအိမ်သို့ ပြန်လာစဉ် အိမ်ခြံဝင်းအပေါက်ဝအရောက်တွင် ဆိုင်ကယ်ဖြင့် လူ ၂ဦး သေနတ်ပစ်သတ်သွားသည်ဟု နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

သူက ညဆို တပ်ထဲ အိပ်ပြီး မနက်ဆို အိမ်ပြန်လာတာဟုတ်တယ်။ ဒီမနက်လည်း တပ်ကပြန်လာတယ် သူ့အိမ်အဝမှာ လူ ၂ယောက်က ဆွဲလှဲလိုက်ပြီး ပစ်သတ်သွာတယ်။ အဲ့ချိန် သူ့မိန်းမက အိမ်ကနေ ထွက်လာတယ်လို့သိရတယ်။ ဘာကြောင့် ပစ်ခံရတယ်ဆိုတာက ကျနော်တို့လည်း မသိနိုင်ပါဘူးဟုပြောဆိုသည်။

ဆိုင်ကယ်ဖြင့် ဝင်ပစ်သတ်သွားသည့် လူ ၂ဦးသည် ပြည်သူ့စစ်ခေါင်းဆောင်ကို ပစ်သတ်သွားသည့်အပြင် သူ၏ ကိုယ်တွင်ပါရှိသော သေနတ်ပါ သိမ်းယူသွားကြောင်းသိရသည်။

လက်ရှိတွင် နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရမှုကြောင့် နန့်ယားကျေးရွာတွင်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖောက် လိုက်လံစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

ထို့ပြင် KIA နှင့် PDF ရှိသည့် တောဘက်သို့ ဦးတည်ကာ နန့်ယားစစ်တပ်ကုန်းမှ လက်နက်ကြီးများ ပစ်ခတ်နေသည့်အပြင် စစ်ကောင်စီတပ်မှ သွားလာသည့် ခရီးသည် ကုန်တင်ကားများတစ်ချို့ကို စစ်ဆေးရေးတင်းကြပ် နေကြောင်းသိရသည်။

ပစ်သတ်ခံရသည့် ဦးထွန်းထွန်းဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တာဝန်ထမ်းဆောင်နေသည်မှာ ၄နှစ်ခန့် ကြာမြင့်သည့်အတွင်း ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ဦးထွန်းထွန်းဦး၏ အထက် ယခင် ပြည်သူ့စစ်ခေါင်းဆောင်လည်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါသည်။

Show More

Related Articles

Back to top button