ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်တွင် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများ ၅၀၀ ဝန်းကျင်းထွက်ပြေးတိမ်းရှောင်းလာသောကြောင့် စစ်ရှောင်အကူအညီများလိုအပ်နေကြောင်းသိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မှစတင်ကာ ဆိပ်မူကျေးရွာအုပ်စုတွင်ရှိသည့် ကောင်စံ၊ အောင်စုကျော်၊ သောင်းကော့၊ ပင်လောင်နှင့် မိုးကာရွာ စသည့်ကျေးရွာတို့သည် လက်ရှိတွင် ဆိပ်မူကျေးရွာနှင့် ဆိုင်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရခဲ့ကြောင်း ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။
“ဒီမနက် ၈နာရီခွဲလောက်ကနေ ရောက်လာကြတာဟုတ်တယ်။ စစ်သားတွေက ရွာတွေထဲမှာ သေနတ်တွေပစ်ပြီးဝင်လာကြတယ်။ ပြီးရင် မောင်းထုတ်လာတွေလုပ်တယ်။ စစ်ရှောင်တွေက ရွာထဲမှာ နေလို့မရတော့ဘူးဆိုပြီး ရောက်လာကြတယ်။ အခုသူတို့အတွက် အကူညီတွေလိုအပ်နေတယ်”ဟုပြောဆိုသည်။
လက်ရှိထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများသည် ဆိုင်းတောင်ကျေးရွာနှင့် ဆိပ်မူကျေးရွာရှိ ဘုန်းကြီးကျောင်းနေရာများတွင် ယာယီခိုလှုံလျက်ရှိနေသည်ဟုသိရသည်။
ထိုထဲတွင် စစ်ကောင်စီတပ် လက်နက်ပစ်ခတ်ဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများအချို့၏ နေအိမ်များ မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၉ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာ ရရှိထားသူ ၉ ဦးထဲတွင် သောင်းကော့ကျေးရွာမှ အသက် ၁၀ နှစ်အောက် ကလေး ၂ ဦးအပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိထားသူ ၆ ဦးနှင့် အသက်သေဆုံးသူ ၁ ဦးပါဝင်ကြောင်းသိရသည်။
“ခုလောလောဆယ်တော့ ဒဏ်ရာရထားတဲ့သူတွေကိုလည်း ဆိုင်းတောင်ဘက်တွေမှာ တတ်နိုင်သလောက် ဆေးကုသနေပေးတယ်။ စစ်ရှောင်တွေအားလုံးလည်း လက်ရှိမှာတော့ တတ်နိုင်သလောက်အလှူခံပြီး ကူညီထားပါတယ်”ဟုစစ်ရှောင်ကူညီပေးသူများကပြောဆိုသည်။
လက်ရှိ ကျေးရွာနေပြည်သူများ စွန့်ခွာထားသည့် နေအိမ်များတွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ထားကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ဆိုင်းတောင်၊ ဆိပ်မူအုပ်စု ကျေးရွာများဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုပိုမိုလုပ်ဆောင်နေခြင်းဖြစ်သည်။