သတင်း

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော်ဖမ်း ဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်နိုင်တစ်ပိုင် ကျောက်တူးပြီးပြန်လာသည့် ကျောက်တူးသမား ၃၀ ကျော် နိုဝင်ဘာ ၂၃ ရက်နေ့ ည ၅နာရီ ခွဲ အချိန်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဖားကန့်မြို့မှ အမျိူးသားတစ်ဦးက KNG သတင်းကိုပြောသည်။

ဖမ်းခံရတာကမနေ့တုန်းကတည်းက ဖမ်းခံရတာရှိတယ် ကျောက်တူးသွားတဲ့လူငယ်တွေကိုဖမ်းတာ အဲ့တာပြန်မလွတ်သေးဘူးဗျ။ ကရင်ချောင်ဘက်မှာဖမ်း ကရင်ချောင်ကတော့မဟုတ်ဘူး။ တခြားရွာကလာတဲ့ကလေးတွေ ပြန်လွတ်လာတာခုထိတော့မကြားသေးဘူးဟု အထက်ဖော်ပြပါ အမျိူးသားက ပြောသည်။

ယင်းလူငယ်များကို ကရင်ချောင်ကျေးရွာအနီး ထူးကုမ္ပဏီ၏ ကျောက်စိမ်းဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

သူတို့က အဲ့ထူးကုမ္ပဏီဝင်းထဲမှာ ယန္တယားတွေဆင်ပြီးတပ်ထိုင်ထားတာကို ကရင်ချောင်နဲ့တော့ မလှမ်းမကမ်းမှာရှိတယ် စစ်မေးနေတာတွေရှိတယ် တဲ့ PDF တွေရှိလား KIA တွေရှိလား ဘာညာစစ်မေးနေတာတွေရှိတယ်တဲ့ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထူးကုမ္ပဏီဝင်းတွင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ည ကလည်း ကရင်ချောင်ကျေးရွာအလွန်ရှိ သောင်းကော့ကျေးရွာဘက်သို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ လူနေအိမ်လေးလုံးအထိမီးလောင်ခဲ့သည်။

ယမန်နေ့ ကရင်ချောင်ကျေးရွာအနီးတွင် အိမ်စီးကား နှစ်စီး မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မိုင်းဆွဲခံရမှုနှင့် ည၄ နာရီခွဲအချိန်တွင် ကောင်စံနှင့် ကရင်ချောင်ရွာကြား၌ စစ်ကောင်စီနဲ့ KIA  PDF တိူ့ကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့အရပ်သားများကို ဖမ်းဆီးလာခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်များလည်းရမ်းသမ်းပစ်ခတ်နေကြောင်းဒေသခံများကဆိုသည်။

Show More

Related Articles

Back to top button