တော်လှန်ရေးစခန်းတစ်နေရာက သူနာပြုဆရာမလေး
“အိမ်သာဘက်သွားပြီး ဖုန်းဖွင့်ကြည့်လိုက်တော့ အမဆီကစာဝင်ထားတယ် နိကြောင့်အမေ မေ့လဲသွားတယ် မိဘမျက်ရည်ကျအောင်လုပ်တဲ့ သားသမီး ဘယ်တော့မကောင်းစားဘူး ပြန်လာခဲ့” ဆိုတဲ့ မက်ဆေ့တစ်စောင်ကြောင့် မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ်လို့ ပြောလာသူကတော့ ရှေ့တန်းတစ်နေရာက ဆေးသူနာပြုဆရာမလေး ငရုတ်သီး ဖြစ်ပါတယ်။
တိတ်ဆိတ်မှောင်မဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံလေသံမှတပါး အခြား ဘာအသံမှမကြားရပါ။
အချိန်အားဖြင့် မနက် ၄ နာရီသာရှိသေးတာမို့ ဒီချိန်ဟာအများသူငှာ အိပ်စက်အနားယူလို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ငရုတ်သီးတို့အိမ်က မိသားစုတွေကလည်း တစ်အိမ်လည်းအိပ်မောကျနေတဲ့ချိန် မိဘတွေမသိအောင် အိမ်ကနေခိုးထွက်သွားဖို့ ပြင်ဆင်နေတဲ့ ငရုတ်သီးအဖို့တော့ မိုးသံလေသံတွေကြားမှာ အတွေးပေါင်းများစွာနဲ့ အိပ်မပျော်နိုင်ခဲ့တဲ့ ညတစ်ညလို့ဆိုပါတယ်။
“အဲညတစ်ညလုံး လေနဲ့မိုးနဲ့ဘဲ ဖြစ်ချင်တော့ အမေက ကျမထွက်သွားမှာရိပ်မိလို့လားမသိ ကျမအိပ်တဲ့ခြေရင်းမှာ လာစောင့်အိပ်တယ်။ ဒါပေမယ့် မနက် ၄ နာရီလောက်အမေအိပ်ပျော်နေတဲ့ချိန်မှာ ခိုးထွက်ခဲ့တာ။ ထွက်လာခါနီးအမေ့ကို ကန်တော့ခဲ့ဖို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် အမေနိုးလာမှာစိုးလို့ မကန်တော့ခဲ့ရဘူး”
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ငရုတ်သီးဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနယ်ကဖြစ်ပြီး မုံရွာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူမလေးတစ်ယောက်ဖြစ်ကာ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေခဲ့သူတစ်ယောက်ပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ လူထုကြုံကြွမှုတွေဖြစ်ပြီး လမ်းမပေါ်ထွက်ဆန္ဒပြနေကြတာတွေ့တော့ သူမတို့ရွာကလည်း ရွာလူကြီးတွေဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဒါကို စစ်တပ်ရဲ့လက်ပါးစေတွေဟာ သပိတ်ဦးဆောင်တဲ့သူတွေကို သပိတ်မထွက်ဖို့ ဆန္ဒပြတာတွေ ဆက်မလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာကြောင့် သပိတ်ဦးဆောင်တဲ့ ရွာလူကြီးတွေက ရပ်နားသွားအောင် လုပ်ခဲ့ကြပါတယ်။
စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်တွေအပြင် စစ်တပ်ရဲ့ အလိမ်အညာသတင်းတွေမြင်နေရတာဟာ သူမချစ်တဲ့ တပ်မတော်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲတတ်လာတဲ့ထိ ခါးသီးလာသလို ငရုတ်သီးအတွက် တော်လှန်ရေးစိတ်ဓါတ် ပိုပြင်းထန်လာအောင် လုံ့ဆော်ပေးခဲ့သလို လက်နက်ကိုင်တော်လှန်ရေးဘက်သွားရန် တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် သူမတို့ရွာမှာ သပိတ်ဦးဆောင်သူတွေ ရပ်နားလိုက်ကြပေမယ့် နိုင်ငံရေးအသိစိတ်ရှိတဲ့ ငရုတ်သီးဟာ သပိတ်ကိုဦးဆောင်ဖို့ လူကြီးတွေကို သွားရောက်တိုင်ပင်ခဲ့ပါတယ်။
“လူကြီးတွေကို သွားပြောတယ် သူများမြို့တွေမှာလည်း လုပ်နေကြတာပဲ၊ ဆက်လုပ်ကြမယ်လို့ သွားပြောတော့ လူငယ်တွေဦးဆောင်ပြီး လုပ်ချင်လုပ်ကြပါ။ ကျနော်တို့နောက်ကနေ ကူညီနေမယ်လို့ ပြောလာတော့ ကျမအပါအဝင်လူငယ် ၃ယောက်ကနေက ဦးဆောင်ပြီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်”
ရွာလူကြီးတွေနားလိုက်တဲ့ ဒီဆန္ဒပြမှုတွေကို ငရုတ်သီးအပါအဝင် လူငယ်တွေကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။
ဒီတော့ အချိန်မရွေး ရန်ပြုလာနိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို ရှောင်ရှားဖို့ ငရုတ်သီးသူငယ်ချင်း ၃ယောက် ကိုယ်ရောင်ဖျောက်ရ ပါတော့တယ်။
အာဏာမသိမ်းခင်အချိန်ထိ သူမဟာ စစ်တပ်ကို ပြည်သူ့တပ်မတော်ကြီးဆိုပြီး အရမ်းအထင်ကြီးလေးစားခဲ့တဲ့အပြင် စစ်သူနာပြုသင်တန်းတက်ဖို့ရန် အကြိမ်ကြိမ်ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်တပ်ရဲ့အကြမ်းဖက်မှုအောက် ဖေဖော်ဝါရီလ ၉ ရက်နေ့နေပြည်တော်မှာ စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်စဉ်ကြည့်ပြီး စစ်တပ်ရဲ့ယုတ်မာရိုင်းစိုင်းလှတဲ့ အပြုအမှုကို စပြီးရွံမုန်းလာတာနဲ့အမျှ သူမအထင်ကြီးလေးစားခဲ့ရတဲ့ စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ကာ အိမ်ကနေ တိတ်တစိတ် ထွက်လာခဲ့ရပါတော့တယ်။
တော်လှန်ရေးခရီးအစ
ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရတာတွေကြောင့် နေရာဒေသတစ်ချို့မှာ သပိတ်ဦးဆောင်သူတွေ တက်ကြွလှုပ်ရှားသူတွေ တစ်စနှစ်စ စတင်ထွက်ပြေးနေကြပြီ ဖြစ်ပါတယ်။
ငရုတ်သီးရဲ့ဆွေးမျိုးထဲမှာပင်လျှင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ကို အမာခံသတင်းပေးတွေ အရှေ့နောက် တောင်မြောက်များလွန်းလှတာကြောင့် အိမ်မှာနေလို့ မဖြစ်နိုင်တော့တဲ့ အခြေနေဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ချင်းပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူမရဲ့ အသိတစ်ယောက်ဆီကိုချိတ်ဆက်ပြီး အခြေခံစစ်သင်တန်းတက်ပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်ည အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။
သူမအပါအဝင် သူငယ်ချင်း ၃ ယောက်ဟာ ကျောပိုးအိတ်တစ်လုံးထဲ အဝတ်အစားတစ်စုံစီ ပေါင်းထည့်ပြီး ဟုမ္မလင်းကနေ စတင်ထွက်လာခဲ့ကြပါတယ်။ ဟုမ္မလင်းကနေမြို့ထဲဘက်သွားပြီး ချင်းပြည်နယ်ဘက်က ဆက်သွယ်ထားတဲ့မိတ်ဆွေဆီ သွားရန်ထွက်လာခဲ့ကြပေမယ့် အိမ်ကအထွက် လမ်းတစ်ဝက်ရောက်တော့ ချင်းပြည်နယ်ဘက် စစ်သင်တန်းပေးတာရပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့် လမ်းတစ်ဝက်တင် အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရပြန်ပါတယ်။
လမ်းတစ်ဝက်တင် စမ်းတဝါးဝါးဖြစ်တဲ့ သူတို့ သူငယ်ချင်း ၃ယောက်ဟာ စစ်အာဏာရှင်ကြီး အမြစ်ပြတ်တိုက်ဖို့ ဆုံးဖြတ်ပြီး ထွက်ခဲ့ကြတာမို့ နောက်ပြန်လှည့်ရန်အစီစဉ်မရှိဘဲ မျက်စိစုံမှိတ်ပြီး ဘာဘဲဖြစ်ဖြစ်ရှေ့ဆက်ဖို့သာ ကြိုးစားခဲ့ကြပါတယ်။
ငရုတ်သီးဟာ အိမ်ကနေစထွက်ချင်းမှာဘဲ နောက်ပြန်လှည့်ရန်စိတ်မရှိတာကြောင့် သူမနဲ့ပါလာတဲ့သူငယ်ချင်း ၂ယောက်ကို ဖုန်းပိတ်ထားဖို့နဲ့ သူမတို့စစ်သင်တန်းသွားတက်ရမယ့်နေရာမရောက်မချင်း ဖုန်းကို မဖွင့်ဖို့ပြောထားပါတယ်။
“သူတို့ ၂ယောက်က ကျမထက်လည်းငယ်တော့ ကျမပြောတာသူတို့လိုက်လျောတယ်။ ကျမတို့အိမ်က ထွက်လာတာ မိုးမလင်းသေးဘူးလေ ဘယ်သူမှသိမှာမဟုတ်ဘူး မိုးလင်းရင်တော့ အားလုံးသိကြမှာအဲကြောင့် အိမ်ကလူတွေက အကြောင်းပြချက်အမျိုးမျိုးနဲ့ပြန်လာအောင်ခေါ်ရင် ပြန်သွားမိမှာစိုးလို့ ဖုန်းပိတ်ထားခိုင်းတာ။ ဒါပေမယ့် ကျမကတော့ စက်လှေစောင့်နေတဲ့ချိန် အိမ်သာဘက်ခနသွားရင်း ဖုန်းဖွင့်ကြည့်လိုက်တာ အမေဖုန်းခေါ်ထားတာလည်း အများကြီး အမကလည်း စာပို့ထားတယ်။ နိကြောင့်အမေ မေ့လဲသွားတယ် အမြန်ပြန်လာခဲ့ မိဘစိတ်ဆင်းရဲအောင် လုပ်တဲ့သားသမီးဘယ်တော့မှ မကောင်းစားဘူးဆိုတဲ့စာတွေမြင်လိုက်တော့ ကျမ မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ် ဒါပေမယ့် ဖုန်းပြန်ပိတ်ပြီး ဘာမှမဖြစ်သလို ပြန်နေလိုက်တယ် နောက်ပြန်ဆုတ်ဖို့ လည်း စိတ်ကူးမရှိတော့ဘူးလေ”
ချင်းပြည်နယ်ဘက် စစ်သင်တန်းသွားတက်ဖို့ မဖြစ်နိုင်တော့မှန်းသိလိုက်ရတဲ့နောက် ငရုတ်သီးတို့ဟာ သွားစရာနေရာမရှိ စမ်းတဝါးဝါးဖြစ်ခဲ့ကြပါတယ်။
အဲ့ချိန်မှာဘဲ ကချင်ပြည်နယ်ဘက် တော်လှန်ရေးထဲ ပါဝင်နေတဲ့သူငယ်ချင်းကို ဆက်သွယ်ကြည့်ရာမှာ ဖားကန့်ဘက် စစ်သင်တန်းပေးနေကြောင်းနဲ့ သင်တန်းတက်ချင်ပါက လာကြိုရန်အဆင်သင့်ဖြစ်ကြောင်းပြောလာခဲ့တာကြောင့် ကချင်ပြည်နယ်ဘက်ကို တက်ဖို့ဖြစ်လာပါတော့တယ်။
စက်လှေကူးပြီး တစ်ဖက်ကမ်းရောက်တော့ ငရုတ်သီးတို့အဖွဲ့ကို KIA ဘက်က ကားတစ်စီးနဲ့လာကြိုခဲ့ပြီး ကချင်ပြည်နယ် ဖားကန့် တာမခံဘက်ကိုရောက်လာခဲ့ပါတယ်။ ငရုတ်သီးက ကချင်ပြည်နယ်ဘက် တစ်ခါမျှပင် လာဖူးခြင်းမရှိတဲ့အပြင် လာကြိုတဲ့သူတွေကိုပင် ယုံကြည်မှု မရှိခဲ့ပေ။
“ကိုယ်က ဒီဘက်ကိုမလာဖူးဘူးလေ အဲတော့ကြောက်တယ် လူကုန်ကူးခံရပြီလား ငါတို့ကို ဘယ်လိုနေရာတွေမှာ ခေါ်သွားမလဲ စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် ဆယ်ဇင်းဘက်၊ တာမခံဘက်ရောက်ပြီးမှဘဲ ယုံတော့တယ်။ ဒါနဲ့တပ်ရင်း ၆ ဘက်ကို ပို့လိုက်ကြတယ် အဲကနေတစ်ဆင့် ၃၁ ရောက်သွားတာ ပြီးမှ စစ်သင်တန်းတက်မယ့်နေရာကိုပို့လိုက်တယ်”
ဖားကန့် တာမခံဘက်ရောက်သွားတဲ့နောက်ပိုင်း နေရာအပြောင်းအရွှေ့အကြိမ်ကြိမ်ကြုံရ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရသော်လည်း အားမလျော့ခဲ့ပေ။ နောက်ဆုံးတော့ စစ်သင်တန်းတက်မယ့်နေရာကို ရောက်ရှိခဲ့ပြီး စစ်သင်တန်းအပတ်စဉ် ၅ မှာ ၄၅ ရက်တိတိတက်ရောက်ခဲ့ပါတယ်။
စစ်သင်တန်းကာလတစ်လျှောက်လုံး အခက်ခဲများစွာကြုံခဲ့ရသလို အမျိုးသမီးတစ်ယောက်အနေနဲ့ လက်နက်ကိုင်ဖို့ ရောက်လာတဲ့အခါ စွန့်လွှတ်ရတာတွေ အများကြီးရှိတယ်လို့ ငရုတ်သီးက ဖွင့်ဟပါတယ်။
“ခက်တာတွေတော့အများကြီးပေါ့ ပြောလို့တောင်မကုန်ဘူး နောက်ဆုံးကုန်ကုန်ပြောရရင် သင်တန်းမှာ ဆီတော်ဖူးနဲ့ စွန်ထန်ဟင်းရည်နဲ့ဘဲ စားနေရလည်းပျော်တယ်။ သင်တန်းမှာ ယောကျာ်းလေးတွေလုပ်တာ အားလုံးလုပ်နိုင်တယ် စစ်တိုက်ရမယ် ရှေ့တန်းသွားရမယ်ဆိုတဲ့စိတ်ကြောင့် ဘယ်လောက်ဘဲပင်ပန်းနေပါစေ စိတ်ကအရမ်းတွေ တက်ကြွနေခဲ့တာလေ အရမ်းပျော်နေခဲ့တာ”
ငရုတ်သီးတစ်ယောက် သင်တန်းကာလပြီးဆုံးပြီး ရှေ့တန်းထွက်ရမယ်လို့ ထင်ခဲ့ပေမယ့် တပ်ရင်းတစ်နေရာက တစ်နေရာသာပြောင်းနေရပြီး အထင်နဲ့အမြင်တစ်ခြားစီဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အခက်ခဲများကြားမှ တော်လှန်ရေးစခန်းမှ ဆေးသူနာပြုဖြစ်လာသူ
စစ်သင်တန်းတက်ရောက်ပြီးနောက် ရှေ့တန်းမထွက်ရတဲ့အတွက် ငရုတ်သီးက တော်လှန်ရေးရဲဘော်တွေကို ဆေကုသပေးနိုင်ဖို့ ဆေးသူနာပြုသင်တန်းကို ထပ်မံသင်ယူခဲ့တယ်လို့ ဆိုပါတယ်။
အခက်ခဲပေါင်းစွာကြားမှ ဆေးသူနာပြုသင်တန်းတက်ကိုဆက်ပြီး ပုဂ္ဂလိက အပြင်ဆေးခန်းမှာ ပထမဆုံးသူမရဲ့ လူနာကုတဲ့အတွေ့အကြုံကို ပြောပြလာပါတယ်။
“လူနာရဲ့ဗိုက်ကို ဖွင့်တဲ့ချိန်မှာ လူနာရဲ့လက်ကိုချုပ်ထားပေးရတာ သူ့လက်ကိုကိုင်ထားတဲ့ချိန်မှာလူနာက တစ်ကိုယ်လုံးပျော့ပြီး ကိုယ့်လက်ကို ဆုပ်ထားတဲ့ချိန် လက်ကလေးဘဲအရှိန်ရှိနေတာ အဲဒီချိန်မှာ ကျမအလုပ်သွားဆင်းတဲ့ဆေးခန်းက ဒေါက်တာရဲ့အမေကို အန်တီခနလောက်လာကိုင်ပေးထားပါအုံး သူ့ကိုလက်လေးပေးရော ကျမပါမူးလဲသွားတာ အဲမှာဒေါက်တာက ဆေးတွေထိုးပေးလိုက်တာ လူကလည်းတစ်ကိုယ်လုံးတောင့်ပြီး ဆေးသွားကုပေးတဲ့သူက ပြောင်းပြန်ဆေးကုပြီး ပြန်လာခဲ့ရတယ် “
ငရုတ်သီးဘဝမှာ သွေးထွက်သံယိုဖြစ်တာကို ပထမဆုံးမြင်ဖူးခဲ့ခြင်းဖြစ်ပြီး အဲဒီမြင်ကွင်းက သူမအတွက် လုံးဝအဆင်မပြေခဲ့ပါဘူး။ သို့သော် အဲဒီအရာတွေဟာ ခုချိန်မှာတော့ သူမအတွက်ယှဉ်ပါးလာခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကို ကုပေးနေပြီလို့ ဆိုပါတယ်။
မိုးကာစတွေ မိုးထားပြီး ဝါးနဲ့ဆောက်လုပ်ထားတဲ့ မြေစိုက်တဲငယ်လေးရဲ့အထဲမှာ ခန်းစီးအပြာလေးကာထားပြီး ဝါးကုတင်လေးနဲ့ လူနာကြည့်စင်ရှိနေပါတယ်။ ပုံမှန်ဆို ဒီလိုမြင်ကွင်းဟာ ပုံမှန်ဝင်ငွေရနေတဲ့ မှော်တစ်နေရာက ဝါးတဲငယ်လေးတွေနဲ့တူဟန်ရှိပေမယ့်လို့ ဒီတဲငယ်လေးကတော့ တော်လှန်ရေးရဲဘော်တွေက ဆေးကုပေးတဲ့ အဆောင်ဖြစ်ပါတယ်။
အဲ့ဆေးခန်းငယ်လေးရဲ့ အပြင်အဆင် အဆောက်အအုံတွေဟာ သာမန်အမြင်အားဖြင့်ကြည့်မယ်ဆိုပါက ခမ်းခမ်းနားနားမရှိပေမယ့် တော်လှန်ရေးရဲဘော်တွေအတွက်တော့ အသက်ကယ်၊ အသက်ဆက်ပေးနေတဲ့ မရှိမဖြစ်ဆေးခန်းလေးပါ။
အနာဂတ်အိမ်မက်
ငရုတ်သီးဟာ အမှန်တကယ်တော့ စစ်သင်တန်းသင်ယူပြီးပါက မိမိနေရပ်ဖြစ်တဲ့ ဟုမ္မလင်းကိုပြန်ပြီး လက်နက်ကိုင်တော်လှန်လုပ်ဖို့ စဉ်းစားခဲ့ပေမယ့်လို့ အိမ်ပြန်လမ်းလည်း မတွေ့ခဲ့ရသလို ရှေ့တန်းစစ်မြေပြင်လည်း တစ်ခါမျှ မသွားရသေးဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ မကြာခနဖမ်းဆီးခံရတာတွေရယ် သူမနေရပ်ဖြစ်တဲ့ ဟုမ္မလင်းမှာ အမျိုးတစ်ချို့တွေကအစ စစ်တပ်ရဲ့အမာခံလူတွေရှိတာရယ် အိမ်ပတ်ဝန်းကျင်အများစုက တပ်ထောက်ခံ စစ်တပ်သတင်းပေးများတာကြောင့် အိမ်ပြန်လို့ရမယ်လို့ ထင်ခဲ့တဲ့သူမအထင်ဟာ လက်တွေ့မှာတော့ တစ်ခြားစီ ဖြစ်သွားပါတယ်။
“ဒီကသင်တန်းဆင်းပြီး ပြန်သွားတဲ့သူတွေကလည်း ဖမ်းခံရတာတွေရှိတော့ အမေက မလာနဲ့ နိလာမယ်ဆိုရင် ငါအဆိပ်တောက်ပြီး သေလိုက်မယ်ပြောထားတယ်”
ငရုတ်သီးရဲ့ ဆန္ဒက ရှေ့တန်းမှာရန်သူနဲ့ထိပ်တိုက် တိုက်ဖို့ရာဖြစ်ပါတယ်။ တော်လှန်ရေးစဝင်ခဲ့တဲ့နောက်ပိုင်း ရှေ့တန်းထွက်ရန် စိတ်အားထက်သန်ခဲ့ပေမယ့် အခွင့်အရေးမရရှိခဲ့ပါဘူး။ ရှေ့တန်းထွက်ဖို့ အခွင့်အရေးမရပေမယ့် ငရုတ်သီးက လက်မလျော့ဘဲ ဆေးသူနာပြုသင်တန်းတက်ပြီး တော်လှန်ရေးရဲဘော်တွေအားကိုးနေရတဲ့ မီးအိမ်ရှင်မလေး ဖြစ်နေပါပြီ။
အိမ်ကနေ ထွက်ခွာလာတဲ့ ၂ နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပေမယ့် သူမ ဖခင်နဲ့ ဖုန်းပြောရတာဟာ ၂ ကြိမ်သာရှိသေးတဲ့အပြင် မိဘ ၂ ပါးကိုလည်း အရမ်းသတိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီတော်လှန်ရေးကြီးပြီးပါက သူမနေရပ်ဆီပြန်သွားပြီး မိဘ ၂ ပါးကို ကျေးဇူးဆပ်ဖို့ရန်သာ စဉ်းစားနေရင်း ရှေ့တန်းတစ်နေရာမှာ ဆေးသူနာပြုဆရာမလေး တော်လှန်ရေးကြီးအမြန်အောင်မြင်ပါစေလို့ ဆုတောင်းနေပါတယ်။
“တော်လှန်ရေးကြီးပြီးတာနဲ့ အမေတို့အမေတို့ဆီပြန်လာပြီး မိဘကျေးဇူးကိုဆပ်နိုင်အောင် အများကြီးကြိုးစားမှာမို့လို့ အဖေနဲ့အမေ ကျန်းကျန်းမာမာနဲ့သမီးပြန်လာတဲ့ထိ စောင့်နေပေးပါ။ ပြီးတော့ အဖေ့ကိုလည်း အသက်ကြီးလာပြီဖြစ်တဲ့အတွက် အရက်မသောက်ခိုင်းစေချင်ဘူး ဖြစ်နိုင်ရင် အဖေလည်းအရက်မသောက်ဘဲ ကျန်းမာရေးဂရုစိုက်ပါလို့ မှာချင်တယ်”