ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ၇ ဦးကို PDF ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ အင်အား ၅၀ ခန့်သည် ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကားများဖြင့် မှော်ဝမ်းရပ်ကွက်တွင်းဝင်ရောက်လာပြီး အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားကြောင်း ပြည်သူတစ်ဦးက KNG ကို ပြောသည်။
”သတင်းအတိအကျ ရပြီးလာဖမ်းတဲ့ပုံစံဗျ။ သူတို့က သီးခြားဆီနေတာ အဲ့တာကို ဝင်ဖမ်းသွားတာ။ ဖားကန့် စစ်တပ်ဗျူဟာကုန်းဘက်ကို ခေါ်သွားတယ်လို့သိရတယ်”ဟုပြောသည်။
အဆိုပါအဖမ်းခံရသည့် ၇ ဦးမှာ ကိုမျိုးသန့် (ဆံသဆရာ)၊ ကိုဖိုးချမ်း၊ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးနောင်နောင် (ခ)ဦးဖြိုးကျော်၊ ဦးအောင်ဇေယျတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံရသူ ၇ ဦးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းဆိုသည်။
ဖားကန့်တွင် ယခုနှစ်အတွင်း အရပ်သားများ ဖမ်းဆီးခံရမှု မိုပိုများပြားလာပြီး အများစုမှာ စစ်တပ်သတင်းပေးများကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသည်။
ထို့အပြင် မတ်လ ၁၁ ရက်နေ့တွင်လည်း ဖားကန့် ဖားပြင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးလုပ်ရန် ပြင်ဆင်နေသည့် KIA ၊ PDF တပ်ဖွဲ့ ၄ ဦးနှင့် အရပ်သားပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိသည်။
စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလပိုင်းမှစကာ ကျောက်မျက်လုပ်ကွက်များအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့ပေါ်ရပ်ကွက် ကျေးရွာများအတွင်း အစုလိုက်အပြုံလိုက် လိုက်လံဖမ်းဆီးမှု ပိုမိုလုပ်ဆောင်နေသည်။