ဆောင်းပါးသတင်းဆောင်းပါး

ဒို့ကလေးများကို ပန်းကလေးများ လို့ဆိုရင်..

စစ်ကို ကြောက်လို့ ရှောင်ပြေးရတဲ့ အသက် ၇ နှစ်အရွယ် သမီးငယ်လေး ရွှေစင် (အမည်လွှဲ) ဟာ သူ့ဘဝမှာ နောက်ထပ် စစ်တပ်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

ရွှေစင်ဟာ စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့နယ် ရွာလေးတစ်ရွာကဖြစ်ပြီး အာဏာသိမ်းပြီးနောက် ရွှေစင်တို့ရွာဘက်မကြာခန စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေ လေယာဉ်တွေဝဲ၊ စစ်တွေဖြစ်လာတိုင်း ရွာကနေ တောစပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရင်း နေထိုင်ကြတာဖြစ်ပါတယ်။

စစ်ငြိမ်သွားရင် ရွာထဲကို ပြန်ဝင်ပြီး မိသားစုအသက်မွေးဝမ်းကျောင်းပြုဖို့ မိဘတွေက ရွာအပြင်ထွက်ပြီး အလုပ်လုပ်ကြရတာပါ။

ဒီလိုနဲ့တစ်နေ့မှာတော့ ရွှေစင်မိဘတွေနဲ့ အိမ်နားကသူငယ်ချင်းရဲ့မိဘတွေက ရွာအပြင်ထွက်ပြီး အလုပ်လုပ်ဖို့သွားကြချိန် မိဘတွေမရှိတဲ့အခိုက် ရွှေစင်အပါအဝင် နောက်ထပ်အသက် ၈ နှစ်အရွယ် မိန်းကလေးဟာ အိမ်နီးချင်း အမျိုးသားတစ်ယောက်ရဲ့ မုဒိန်းကျင့်တာကိုခံခဲ့ရတာပါ။

ကျူးလွန်ခံရတဲ့ မရွှေစင် (အမည်လွှဲ) တို့ဟာဆိုရင်လည်း သူတို့နေတဲ့နေရာက စစ်အုပ်ချုပ်တဲ့ နယ်မြေ ဖြစ်တဲ့အတွက် ဆေးရုံဆေးခန်းပြစရာနေရာမရှိဘူး၊ ဆေးစစ်ဖို့မရှိဘူး၊ ကျန်းမာရေးစောင့်ရှောက်ဖို့ အရမ်းအားနည်းတယ်လို့ အဲဒီဒေသ Women Organization တစ်ခုက ကလေးနဲ့ စိတ်ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

အဲ့အချိန် “ကျွန်မ မြစ်ကြီးနားက အဖွဲ့အစည်းတစ်ခု နဲ့ ချိတ်ဆက်ပေးတယ် ဒါပေမဲ့ သူတို့က ဒီစစ်ကိုင်းတိုင်းမှာ ပိတ်မိနေတယ်၊ ပြစ်မှုကျူးလွန်တဲ့သူကိုလည်း ဘာမှ အရေးယူတာတွေမတွေ့ရဘူး၊ နောက်ဆုံးကျတော့ သူတို့မိဘတွေကိုယ်တိုင်က သူတို့ အတွက် လုံခြုံမှုမရှိမှာ စိုးလို့ ကျွန်မတို့ မေးရင်တောင် မဖြေတော့တာတွေရှိတယ်” လို့ ဆရာမ ဒေါ်ဝတ်ရည်စုက ပြောပါတယ်။

သက်ငယ်မုဒိန်းမှုနဲ့ ဥပဒေ သက်ငယ်မုဒိန်းမှုတွေကို ဖြေရှင်းဖို့ဆိုရင် Awareness (အသိတရား) က အရေးကြီးဆုံးဖြစ်ပြီး အမျိုးသမီးတွေကိုပဲ အသိပညာပေးတာမျိုး လုပ်တာထက် ကျူးလွန်တဲ့သူတွေက အမျိုးသားတွေ များတာကြောင့် အမျိုးသားတွေကိုပါ Awareness ပေးသင့်တယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

သက်ငယ်မုဒိန်းကျူးလွန်ခံရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြဿနာ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်တွေဟာ ပုံမှန်ကလေးတွေလို ပြန်ဖြစ်ဖို့ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပြီး စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိလာပြီး မိမိကိုယ်ကို ပြစ်တင်ပြောဆိုတာမျိူးတွေ ရှိတတ်တယ်လို့ ကလေးနှင့် စိတ်ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

“Rape (မုဒိန်းမှု) လုပ်ခံရတဲ့ ကလေးတော်တော်များများက ကျောင်းမသွားချင်တော့တာမျိုး၊ စာဆက်မသင်နိုင်တော့တာမျိုး၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးကူညီမှုတွေ မရဘဲ ကလေးကိုပဲ ပြစ်တင်ပြောဆိုနေမယ်ဆိုရင် ခန္တာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမကဘဲ စိတ်ပိုင်းဆိုင်ရာမှာ ကလေးတွေက စိတ်ဆိုးဒေါသထွက်လွယ်တာ၊ ငိုကြွေးတာ၊ ကြောက်ရွံ့တာ၊ ကိုယ့်ကိုယ်ကို “ငါ့ကြောင့်..ငါမှားလို့” ဆိုတဲ့ ပြစ်တင်နေတာမျိုးတွေ ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီလို နောက်ဆက်တွဲဖြစ်စဉ်တွေ မဖြစ်ဖို့ဆိုရင် ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်မှုနဲ့ နောက်ဆက်တွဲ ကူညီလုပ်ဆောင်ပေးမှုတွေက အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အများအားဖြင့် ပတ်ဝန်းကျင်မှာ ရှိနေသူတွေက ကျူးလွန်သူတွေကို အပြစ်တင်ခြင်း မပြုဘဲ ကျူးလွန်ခံရတဲ့သူတွေကို ပြောဆို ရှုံ့ချတာမျိုး ရှိတတ်တာကြောင့် ကျူးလွန်ခံရတဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပြင် လုံခြုံတဲ့ နေထိုင်စရာ ရပ်ဝန်း (Safe House) လို နေရာမှာ ထားပေးတာမျိူးတွေ လုပ်ပေးရမယ်လို့ ကလေးသူငယ်နဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ ဆရာမ ဒေါ် ဝတ်ရည်စုက ပြောပါတယ်။

“ဒီ Safe House တွေက အဖွဲ့အစည်းတွေက ထောက်ပံ့တာမျိုးတွေ လုပ်ပါတယ်။ ပြီးရင်သူတို့ကို စိတ်ပိုင်းဆိုင်ရာအတွက် Counseling (နှစ်သိမ်းဆွေးနွေးခြင်း) တွေ လုပ်ပေးတယ်။ ဒီစိတ်ပိုင်းဆိုင်ရာဆိုရင် ကလေးတွေပါ မကဘူး၊ မိဘတွေပါ ပါဝင်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်ချင်းလည်း မတူညီတာကြောင့် သူတို့ ပုံမှန်ဖြစ်နိုင်ဖို့ဆိုရင် အချိန်အတိုင်းအတာ သတ်မှတ်ထားပေးလို့ မရပါဘူး” လို့ ပြောပါတယ်။

Awareness ဆိုတဲ့အပိုင်းမှာ တရားဥပဒေနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းကို အဓိကထားသင့်ပြီး သက်ငယ်မုဒိမ်းမှု ကျူးလွန်မိရင် ဘယ်လို အမှုတွေ ရင်ဆိုင်ရမယ်ဆိုတဲ့ ကျူးလွန်သူရဲ့ ဘဝတစ်လျှောက်လုံး လုံးဝ နာလံ မထူနိုင်လောက်တဲ့အထိ ပြစ်ဒဏ်ဥပဒေတွေ ချမှတ်ပေးသင့်တယ်လို့ ကလေးသူငယ်အရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ဒီသက်ငယ်မုဒိမ်းမှုတွေဟာ အဝတ်အစားတွေနဲ့လည်း မဆိုင်သလို နေရာတွေနဲ့လည်း မဆိုင်ပါဘူး၊ အိမ်ထဲမှာ နေရင်လည်း ဖြစ်နိုင်တယ်၊ အချိန်မရွေး၊ နေရာမရွေးဖြစ်နိုင်ပါတယ်၊ သက်ငယ်မှုဒိမ်းမှုက အင်မတန်ကို ကြီးမားတဲ့ အမှု ဖြစ်တယ်၊ ကျူးလွန်သူတွေကို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀၊ အနှစ် ၃၀၊ တစ်သက်တစ်ကျွန်းအထိ ချမှတ်ပေးသင့်တယ်” လို့ သူက ပြောပါတယ်။

စစ်အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ်မှာ သမ္မတလက်မှတ်ရေးထိုးပြီး ပြင်ဆင်လိုက်တဲ့ ဥပဒေအရ သက်ငယ်မုဒိမ်းမှု ကျုးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်အနေနဲ့ ချမှတ်မယ့် ပြင်ဆင်ချက်ပါ ဥပဒေကြမ်းအရ ၁၂ နှစ်အောက်အမျိုးသမီးငယ်တွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေဟာ သက်ငယ်မုဒိမ်းအဖြစ် အကျုံးဝင်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက် ဒါမှမဟုတ် အနှစ် ၂ဝ အထိ ကျခံရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဒဏ် ပြစ်ဒဏ်ချမှတ်လိုက်မယ်ဆိုရင် သက်သေဖျောက်ဖျက်တဲ့အနေနဲ့ ကျုးလွန်ခံရသူ အမျိုးသမီးငယ်တွေ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းမှာကို စိုးရိမ်တာကြောင့် ထောင်တစ်သက်ပြစ်ဒဏ်ကိုသာ အမြင့်ဆုံးအနေနဲ့ သတ်မှတ်ဖို့ ရေးဆွဲတင်သွင်းခဲ့တာဖြစ်တယ်လို့ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီဖော်ပြချက် ဥပဒေအတိုင်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ထောင်ဒဏ် အနှစ် ၂၀ အနှစ် ၃၀ သာ ချမှတ်ပြီး၊ တချို့ဒေသတွေမှာတော့ ဥပဒေစိုးမိုးမှု မရှိတာကြောင့် ထိရောက်စွာ အရေးယူမှုတွေ မရှိတဲ့အပြင် ကျူးလွန်သူတွေက ထောင်ခါတဲ့ အချိန်တွေမှာ ကျူးလွန်သူတွေ ပြန်လည်လွတ်မြောက်လာတတ်ကြတာကိုလည်း သတင်းမီဒီယာတွေမှာ တွေ့ရပါတယ်။

ပြီးခဲ့သည့် မေလကလည်း ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ပူတာအို ခရိုင်ရုံးမှ ထောင်ဒဏ် အနှစ် ၂၀ အသီးသီး ချမှတ်ခဲ့တယ်လို့ တရားလိုတွေဘက်က သိခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှု ၆၇၂ မှု ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၆၂၇ မှုအထိ ရှိခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ချုပ်ရဲ့ သတင်းအချက်အလက်တွေကနေ သိရပါတယ်။

လက်ရှိမှာတော့ နိုင်ငံ အုပ်ချုပ်ရေးစနစ်တွေ ပျက်ပြားနေတာကြောင့် သက်ငယ်မုဒိန်းမှုတွေက ပိုပြီး တွင်ကျယ်လာတာ ဖြစ်တယ်လို့ ကချင် CSO မှ လူ့အခွင့်အရေးနှင့် ကလေးသူငယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူက “သက်ငယ်မုဒိန်းမှုတွေက အများကြီးပဲ ရှိတာပေါ့နော်၊ အခုချိန်မှာက ကျွန်မတို့မှာ နိုင်ငံရေး မကောင်းဘူး၊ ပြီးတော့ ဒီ community မှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကလည်း အားနည်းလာကြတယ်၊ လက်ရှိ နိုင်ငံအုပ်ချုပ်တဲ့ ဥပဒေနည်းတွေကလည်း ကျေးလက်ဘက်မှာဖြစ်ဖြစ်၊ မြို့ပြမှာဖြစ်ဖြစ် လိုအပ်ချက်တွေ အများကြီး ရှိလာတယ်၊

အုပ်ချုပ်ရေးတွေက လက်လှမ်းမမီသလောက် ဖြစ်လာတယ်၊ ပျက်ပြားလာတယ်၊ အထိန်းအကွပ်မဲ့သလိုတွေ ဖြစ်လာတယ်” လို့ ပြောတယ်။

ဒါကြောင့် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူတာတွေ မလုပ်နိုင်ကြတဲ့ဒီလိုအချိန်မျိုးမှာ သမီးငယ် ရွှေစင်တို့လို ကျူးလွန်ခံရတဲ့ ကလေးတွေမှာသာမက မိဘတွေအတွက်ပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ စိတ်မလုံခြုံမှုတွေက ပိုမို ခံစားနေကြရတာပါ။

ရွှေစင်နဲ့ သူ့မိသားစုဝင်တွေအတွက်တော့ စစ်ကြောင့် ဖြစ်တဲ့ စိတ်မလုံခြုံမှုတွေအပြင် ကလေးငယ်ရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ကိုပါ အားကိုးရာမဲ့ အကာကွယ်မဲ့နေဆဲပါ။

Show More

Related Articles

Back to top button