တိုက်ပွဲသတင်း

ရွှေကူနယ်တွင် တစ်ရက်အတွင်း ၃ ကြိမ် လေကြောင်း ဗုံးကျဲတိုက်ခိုက်ခံရပြီး ကျေးရွာ ၃ ရွာ မီးလောင်ပြာကျမှုဖြစ်ပွားခဲ့

ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် အရှေ့ခြမ်းရှိသော ကျေးရွာများတစ်လျှောက်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းနှင့်  မြေပြင်တွင် ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကျေးရွာ ၃ ရွာ မီးလောင်ပြာကျသွားပြီး ဒေသခံများအခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။

ရွှေကူမြို့အရှေ့ခြမ်းရှိကြသည့် ဝင်ဝ၊ နောင်လတ်ကြီး၊ ငှက်တံတား၊ စီသာ၊ စီမူလေး၊ စီမူကြီး၊ မံဝိန်း ကျေးရွာများဘက်တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်ပြီး ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ  လေကြောင်းဖြင့် ၃ ကြိမ် ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်သွားသည်ဟု ရွှေကူ ဒေသခံအမျိုးသမီး တစ်ယောက်က KNG ကိုပြောသည်။

မနက်ကတည်းတော့ တမနက်လုံးထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပြီးနောက် မနက်ပိုင်း ကိုးနာရီလောက်က စီမူလေးရွာနဲ့ စီမူကြီးရွာကိုမီးရှို့တယ်။ အခုညနေ လေးနာရီထိုးလောက်မှာ စီသာ ရွာကိုလေယာဥ်နဲ့ဗုံးကျဲတယ်။ လေးယာဥ်နဲ့ ကျဲတာ သုံးကြိမ်ရှိသွားပြီ စီသာရွာကို ပဲသုံးကြိမ်ကျဲတာ စီတာရွာကတော့အကုန်လုံးပါသွားပြီ ကျန်တဲ့ရွာတွေလည်းမီးလောင်နေပြီ ရွာလုံးကျွတ်နီးပါးပဲဟုပြောဆိုသည်။

လက်ရှိတွင် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် စီမူလေး၊ စီမူကြီး၊ စီသာကျေးရွာ ၃ ရွာသည် ရွာလုံးကျွတ် မီးလောင်ပျက်စီသွားပြီး အဆိုပါ ကျေးရွာများနှင့် အနီးကပ်ရှိနေသည့် ကျေးရွာများလည်း မြေပြင်တွင် မီးရှို့ဖျက်ဆီးခံနေရသဖြင့် ထိခိုက်ပျက်စီးမှုကို အတည်ပြုနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့ ညနေပိုင်း ၄ နာရီနှင့် ၅ နာရီကြားတွင် ၃ ကြိမ်လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗုံးတိုက်ခိုက်ခံရမှုတွင် ထိုဒေသရှိ ကျေးရွာပြည်သူများသည်  ဘေးလွတ်ရာတိမ်းရှောင်နေသည့်အတွက် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ထို့နောက် ကျေးရွာများ ဗုံးကျဲတိုက်ခိုက်ခံရသည့်အပြင် နောင်လတ်ကြီးကျေးရွာဘက်မှ မံခါး၊ စီသာရွာ၊ ကင်းပုတ်ရွာ စသည့် ကျေးရွာများရှိသည့်ဘက်တွင် လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်းသိရသည်။

ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းတွင် ပြီးခဲ့သော မတ်လ ၂၃ ရက်နောက်ပိုင်းမှ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ခန့်က စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် လက်ရှိတွင် ထိုဒေသတွင်ရှိသော ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူများ ထောင်ချီလည်း တောတွင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရဆဲလည်းဖြစ်သည်။

ကျွန်မတို့မှာမြို့ပေါ်မှာစစ်ရှောင်လဲ မောင်းထုတ်တယ် စစ်ကောင်စီက အခုတောထဲမှာပုန်းနေရတာ သစ်ပင်ကြီးကြီးအောက်မှာတွေပုန်းနေရတာ အစာငတ်တဲ့လူတွေလည်းငတ်နေကြတယ်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေကူမြို့နယ်တွင် မတ်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကြား ထိတွေ့တိုက်ပွဲများ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုဖြစ်ပွားနေသည်မှာ ၂ ပတ်ဝန်းကျင်ခန့်ကြာမြင့်လာပြီဖြစ်သည်။

Show More

Related Articles

Back to top button