လူ့အခွင့်အရေးချိုးဖောက်မှုသတင်းဆောင်းပါး

လူသားဒိုင်းအဖြစ် ပိတ်ဆို့ခံထားရင်း သေဆုံးခဲ့ရသူများ

အောင်မြေ ၂ ကျေးရွာမှာ ဒေသခံတွေကို စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ ဖြစ်ရပ်

မှောင်မိုက်တဲ့ညတစ်ည လျှပ်စစ်မီး အလင်းရောင်မရှိ၊ အမှာင်ခန်းတစ်ခုမှာ ဖရောင်းတိုင်မီးလေးထွန်းပြီး ငိုသံတွေနဲ့တူ လူအုပ်ကြီးကို မြင်တွေ့ရပါတယ်။ လူအုပ်အလယ်မှာတော့ အနီအစိမ်းရောင်စုံအကွက် ဒေါင်ရှည်ပုဆိုးခြုံပေးထားတဲ့ အဘွားအိုတစ်ယောက်ရဲ့ ရုပ်အလောင်းရှိနေပြီး ဘေးမှာတော့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ၃ ယောက် ရှုံးပွဲချ ငိုကြွေးနေတဲ့အပြင် ဘေးပတ်ပတ်လည်မှာလည်း ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်ပေါင်းစုံကလည်း မျက်ရည်စက်လက်နဲ့ ယူကြုံးမရ ပူဆွေးသောက ရောက်နေကြပါတယ်။

မတ်လ ၇ ရက်နေ့ KIA မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ခဲ့တဲ့နေ့ကစလို့ အောင်မြေ ၂ ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ စစ်တပ်က လူသားဒိုင်းအဖြစ် ပိတ်ဆို့ပိတ်လှောင်ထားတဲ့ ပြည်သူတွေထဲမှာ အသက် ၉၀ ဝန်းကျင် အဖွားလည်း ပါဝင်ခဲ့ ပါတယ်။

အသက် မသေဆုံးခင် “ခဏခဏ အိမ်ပြန်ချင်ပြီ” လို့ ပြောနေခဲ့တဲ့ အဖွားတစ်ယောက် အိမ်ပြန်ခွင့်မရဘဲလွတ်မြောက်မယ့် မနက်ဖြန်နေ့တွေကို စောင့်မျှော်ရင်းနဲ့ဘဲ သေမင်း နဲ့ စီးချင်းထိုးသွားခဲ့ရာမှာ အဖွားရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ပွဲကြား ပိတ်ဆို့ခံထားရတဲ့ ၄ ရက်မြောက်နေ့ မတ်လ ၁၂ ရက်ညနေ အဘွားဟာ ကျဉ်းကြပ်လှတဲ့ အခန်းထဲမှာ ခံနိုင်ရည်မရှိတော့တဲ့အဆုံး အသက်ရှုရပ် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

“ကျမတို့က ဘုန်းကြီးကျောင်းက ဟောခန်းတွေမှာ စုပြုံပြီးအိပ်ကြရတာ အဆောင်တွေထဲမှာက လှဲပြီးအိပ်လို့တောင် မရပါဘူး ထိုင်ပြီးအိပ်ကြရတာများတယ်။ တော်တော်လေးအသက်ရှုကြပ်တယ်။ အဘွားကလည်း အသက်ရှုပ်ကြပ်ပြီးဆုံးသွားရတာပါ” ဆိုပြီး အဖွားနဲ့အတူ ပိတ်မိထဲမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်က ငိုသံပါပါ ပြောရှာပါတယ်။

အဲ့ဒီ ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတာ အဘွားအိုတစ်ယောက်တင်မဟုတ် လူဦးရေတစ်ထောင်ကျော် ပိတ်မိနေခဲ့ပြီး အဲ့ဒီထဲမှာ အမျိုးသမီး၊ ကလေးငယ် နဲ့ သက်ကြီးရွယ်အိုတွေက အများဆုံးဖြစ်တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက အတည်ပြုပါတယ်။

“ကျမတို့အောင်မြေ ၂ မှာ ၉၀၀ နဲ့ တစ်ထောင်ကြားမှာ ရှိတယ်။ ရွှေညောင်ပင်မှာတော့ ၄၀၀ လောက် ရှိတယ်လို့ သိရတယ်“ လို့ အောင်မြေ ၂ ရွာမှာ ပိတ်မိနေခဲ့တဲ့ အမျိုးသမီးတစ်ယောက်က KNG ကို ပြောပါတယ်။

ပိတ်မိခဲ့တဲ့ အရပ်သားတွေ ဘယ်လို အခက်အခဲ ကြုံခဲ့ရလဲ

သေဆုံးခဲ့ရတဲ့ထဲ အသက်ရှုရပ်သေဆုံးခဲ့ရတဲ့အဖွားတင် မဟုတ်ပဲ နောက်ထပ် အဖွားအိုနှစ်ယောက် နဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး နှစ်ယောက်လည်း သေဆုံးခဲ့ရပါတယ်။

မတ်လ ၉ ရက်နေ့က တိုက်ပွဲအကြား စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၉၅ နှစ်အရွယ် အဘွားအိုတစ်ဦး၊ နောက်ထပ် အသက် ၇၈ နှစ်အရွယ်အဘွားအိုနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ရတာပါ။

ပိတ်မိခဲ့တဲ့ လူဦးရေတစ်ထောင်ကျော်ထဲမှာ ကချင် နဲ့ ရှမ်းလူမျိုးက အများဆုံးဖြစ်ပြီး ပိတ်မိနေရင်း ကျည်ဆန်ထိမှန်လို့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့ရသလို၊ အသက်ရှုပ်ကြပ်ပြီး သေဆုံးခဲ့ရတဲ့ အဖွားအပါ စုစုပေါင်း ၄ ယောက်တိတိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၄ နှစ်နဲ့ အသက် ၁၄ နှစ်အရွယ်ကလေးငယ် ၂ ယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရ ခဲ့ပြီး စစ်ကောင်စီတပ်က သူတို့နှစ်ဦးထဲက တစ်ဦးကိုသာ ဆေးကုသခွင့်ပေးခဲ့ပါတယ်။

“ခေါင်းထိတဲ့ ၄ နှစ်အရွယ်ကလေးကိုတော့ အခြေနေဆိုးလို့ ဆေးရုံပို့တယ် သူ့ကိုတော့ ထွက်ခွင့် ပေးလိုက်တယ် နောက်တစ်ယောက် ကတော့ ကျောကုန်း၊ လက်နဲ့ပေါင်တွေမှာ ထိတဲ့ကလေးကတော့ ထွက်ခွင့်မပေးခဲ့ပါဘူး” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အရပ်သားတွေကို ထွက်ခွင့်မပေးရုံမျှမက ပိတ်မိရင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၄ ယောက်ကိုလည်း လွတ်လပ်စွာသဂြိုလ်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

သေဆုံးခဲ့ရတဲ့သူတွေကိုလည်း စစ်တပ်က ကိုယ့်အိမ်ခြံဝင်းထဲမှာပဲ သဂြိုလ်ခိုင်းတာကြောင့် ရွာထဲက လှစ်လပ်တဲ့ မြေနေရာခြံဝင်းထဲမှာပဲ ဖြစ်သလို မြေမြုပ်ခဲ့ရတယ်လို့ ပိတ်မိခဲ့သူ အမျိုးသမီးက ရင်နင့်စွာ ပြန်ပြောပြပါတယ်။

ပိတ်မိခဲ့တဲ့ အရပ်သားတစ်ထောင်ကျော်ဟာ အောင်မြေ ၂ ကျေးရွာ ဘုန်းကြီးကျောင်းဝင်းက အဆောင်တစ်ခုထဲမှာပဲ ခိုလှုံခဲ့ရပြီးတော့ နေရာထိုင်ခင်း မလုံလောက်လို့ လူလတ်ပိုင်းနဲ့ ကျန်းမာရေးကောင်းသူတချို့ကတော့ အကာမရှိ အမိုးမရှိ လဟာပြင်မှာပဲ အိပ်ခဲ့ကြရတယ်လို့ ပိတ်မိနေခဲ့သူတွေက ပြန်ပြောပြပါတယ်။

ဒါ့အပြင် အဆောင်ထဲမှာ ခိုလှုံရသူတွေထဲမှာတောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေသာ ကျောတစ်ခင်းစာ လှဲလျောင်း အိပ်စက်ရပြီး ကျန်တဲ့လူလတ်ပိုင်းတွေကတော့ ငုတ်တုတ်အိပ်စက်ခဲ့ရတယ်လို့ ပိတ်မိနေခဲ့တဲ့ အမျိုးသမီးတစ်ယောက်က အခုလို ပြောပြပါတယ်။

“ကျမတို့ က ဘုန်းကြီးကျောင်းမှာဆိုတော့ အခန်းလေးတွေမှာပဲ စုပြုံပြီး အိပ်ရတယ်။ တချို့ကအဲ့မှာ ကြပ်လို့ အမိုးတွေအကာတွေ မရှိတဲ့နေရာတွေမှာအိပ်ရတယ်။ အသက်ကြီးတဲ့သူတွေကိုတော့အကာ အမိုးရှိတဲ့နေရာတွေမှာ ထားတယ် ဒါပေမဲ့လှဲပြီးတောင် အိပ်လို့မရတဲ့ အခြေနေပါထိုင်ပြီး အိပ်ကြတဲ့သူတွေက များပါတယ်” လို့ ပိတ်မိခဲ့တဲ့ အတွေ့အကြုံနဲ့ အခက်အခဲကို ပြောပြပါတယ်။

တစ်ဖက်မှာ ပိတ်မိခဲ့ရင်း အစားအသောက်နဲ့ ရေပြတ်လပ်တာတွေလည်း ကြုံခဲ့ရပြီး ပိတ်မိသူတိုင်းဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူမက ဆက်ပြောပါတယ်။

“ကျမတို့ရဲ့ လုံခြုံရေးပေါ့ နိုင်ငံသားတစ်ယောက်ဖြစ်ပြီးတော့ အသက်အတွက် ဘာလုံခြုံမှုမှမရှိခဲ့ တဲ့အခြေနေပါ ဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူးပေါ့ အမြဲတမ်းကျမတို့ဘေး အပေါ် တွေမှာ စစ်လေယာဥ်တွေနဲ့ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ကျမတို့ဆီ ဘယ်အချိန်ရောက်လာမလဲဆိုတာ မသိခဲ့ဘူး”

အစာအသောက်နဲ့ရေကို အလုံအလောက်မစားရပဲ ငတ်မွတ်လာတဲ့ ဒီလူဦးရေတစ်ထောင်ကျော်ဟာ နေထိုင်မကောင်းခြင်းတွေနဲ့ပါ ကြုံခဲ့ရပြီး အဲ့ဒီအတွက်ကုသဖို့ဆေးဝါးလည်းတစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။

မတ်လ ၇ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ စတင် လိုက်တဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းက စစ်ဆင်ရေးအကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့အရပ်သား နေ့စဥ်မြှင့်တက်လာနေပါတယ်။

ငြိမ်းချမ်းရေး အကျိုးဆောင် PCG နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက စစ်တပ်ကို တောင်းဆိုပြီး ကယ်ထုတ်နိုင်ခဲ့

စစ်တပ်ဘက်က ထွက်ခွင့် မပေးတာကြောင့် ပိတ်မိခဲ့တဲ့ အရပ်သား ၁ ထောင်ကျော်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ကယ်ထုတ်ဖို့အတွက် စစ်ကောင်စီ နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရာကနေ မတ်လ ၁၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ကတည်းက ပိတ်မိခဲ့တဲ့ အရပ်သားတွေလုံခြုံတဲ့နေရာကို ထွက်ခွင့်ရဖို့ ကနဦးအနေနဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ၊  PCG ၊ ရှမ်းလူငယ်ပရဟိတအဖွဲ့၊ ဝါရှောင်ဆရာတော်တို့ဦးဆောင်ပြီးတော့ နှစ်ဖက်တပ်တွေကို အကူညီတောင်းခဲ့တယ်လို့ ဝါရှောင်ဆရာတော်က လူမှုကွန်ယက်ကနေ တိုက်ရိုက် မိန့်ကြားခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ အရပ်သားတွေပိတ်မိနေတဲ့အခြေအနေကြောင့် မတ်လ ၁၀ ရက်နေ့ညကစ အပစ်ရပ်ပေးခဲ့ပြီး စစ်ကောင်စီတပ်ဆီ အရပ်သားတွေကိုထွက်ခွင့်ပေးဖို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆက်လက်တောင်းဆိုခဲ့ ကြပါတယ်။

မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က အရပ်သားတွေကို ထွက်ခွင့်ပြု ကြောင်း အကြောင်းပြန်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့အတူ ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ စစ်တပ်ဘက်က အောင်မြေ ၂ ရွာအနီးတစ်ဝှိုက် လေကြောင်းသုံး တိုက်ခိုက်ခဲ့ပါတယ်။

“ကျွန်တော်တို့လည်း သွားခေါ်လို့ရပြီလို့ပြောတော့ မတ်လ ၁၁ ရက်နေ့ ၃နာရီဝန်းကျင်လောက် PCG တွေနဲ့သွားတဲ့ချိန် ခပ်ချိုလမ်းခွဲ လောက်ရောက်တော့ သူတို့က အောင်မြေသစ်ဘက် လေယာဉ်နဲပြန်ပစ်တာမျိုးတွေလုပ်လာတော့ ပြန်ခေါက်လာခဲ့ရတယ်” လို့ ကယ်ဆယ်ရေးအဖွဲ့မှာပါဝင်ခဲ့သူ တစ်ယောက်က KNG ကိုပြောပါတယ်။

အဲ့ဒီလို နည်းလမ်းအမျိုးမျိုးနဲ့ စစ်ရှောင်တွေကို ကယ်ထုတ်ဖို့အရေးကြိုးစားနေရင်းမှာပဲ စစ်ကောင် စီတပ်ဘက်က လေကြောင်းရော မြေပြင်ကနေပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ပိတ်မိခဲ့တဲ့ဒေသခံတွေဆီက အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်တပ်ဘက်က အရပ်သားတွေထွက်လာနိုင်တဲ့ မတ်လ ၁၃ ရက်နေ့မနက်ပိုင်းအထိကို လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ပိတ်မိနေသူ တစ်ယောက်က KNG ကိုပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ လာပစ်တာ ၂ ကြိမ်ရှိသွားပြီ လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်နေတယ် အောင်မြေ ၁၊ ၂ တစ်ဝှိုက်ကိုပစ်တာ ရွာအစွန်ဆုံးနေရာတွေမှာလက်နက်ကြီးတွေကျတယ် “

စစ်တပ်ဘက်က အဲ့ဒီလို လေကြောင်းရောမြေပြင်ကပါ အသုံးပြုတိုက်ခိုက်နေချိန် KIA နဲ့မဟာမိတ် ဘက်က တပ်ဆုတ်ထားတယ်လို့ သိရပြီး စစ်တပ်ဘက်ကတော့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေရှိတယ် အထင်နဲ့ပစ်ခတ်မှုတွေ လုပ်ခဲ့တာလို့ ပိတ်မိနေသူတွေက ဆိုပါတယ်။

အရပ်သားတွေကို ထွက်ခွင့်မပေးခဲ့ဘဲ လူသားဒိုင်းအဖြစ်အသုံးပြုတာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်

မတ်လ ၈ ရက်နေ့ စစ်ကောင်စီတပ် အင်အား ၃၀၀ လောက် အောင်မြေ ၂ ရွာကိုဝင်ရောက်ပြီး ထိန်းချုပ်လိုက်ရာကနေ အရပ်သားထောင်ချီ ပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

“ပိတ်မိနေတဲ့အချိန်မှာ ဘယ်သူ့ဘက်ကိုမှပါပြီး ပြောတာလည်း မဟုတ်ပါဘူး အဲ့လိုပိတ်မိ နေတဲ့ အချိန် စစ်တပ်ဘက်ကတော့ လေယာဥ်နဲ့ ပစ်ခတ်တာတွေကို အရပ်သားတွေနေတဲ့ ပတ်ဝန်းကျင်မှာပဲ လုပ်တယ်။ ကျမတို့နေတဲ့ ဘုန်းကြီးကျောင်းနား တစ်ဝှိုက်တွေမှာ တပ်စွဲပြီးတော့ အခံလုပ်ပြီး ပစ်ခတ်တာတွေ တွေ့ရတယ်” လို့ ပိတ်မိခဲ့တဲ့ ဒေသခံတစ်ယောက်ကပြောပြပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့၊ ဘာသာရေးခေါင်းဆောင်တွေက အောင်မြေ ၂ က အရပ် သား တွေလွတ်မြောက်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ညှိနှိုင်းခဲ့ကြရာမှာ မတ်လ ၉ ရက်နေ့ ကနေ မတ်လ ၁၃ ရက်နေ့အထိ ၆ ရက်တိတိကြာမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ၆ ရက်တိတိကြာမြှင့်ပြီး အရပ်သားတွေကို အကူညီပေးရေးအဖွဲ့တွေက ကယ်ထုတ်နေသည့်တိုင်အောင် စစ်တပ်က အရပ်သားတွေလုံခြုံရာကို ထွက်လာတဲ့လမ်းတစ်လျှောက် အမျိုးမျိုးစစ် ဆေးတင်းကြပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အောင်မြေ ၂ တိုက်ပွဲအတွင်း အရပ်သားတွေရှိနေသည့်တိုင်အောင် လေကြောင်းအသုံးပြုတိုက်ခိုက်တာ၊ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပဲ အရပ်သားတွေရဲ့နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရတာ၊ အရပ်သားတွေကိုထွက်ခွင့်မပေးပဲခြိမ်းခြောက်တာ၊ အရပ်သားတွေထိခိုက်သေဆုံးခဲ့ရတာဟာ အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု Geneva Conventions အရ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အောင်မြေ ၂ ရွာအတွင်းက အရပ်သားတွေပိတ်မိနေချိန်အတွင်း လုံခြုံတဲ့နေရာကို ထွက်ခွင့် မရတာ၊ အစား အသောက်ပြတ်လပ်သည်အထိ ပိတ်မိနေခဲ့တာ၊ အရပ်သားပြည်သူတွေ နဲ့ သူတို့ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို အကာလုပ်ပြီးခုခံတာ၊ လူသားချင်းစာနာထောက်ထားမှု အကူညီမပေးတာ၊ ညှိနှိုင်းမှုတွေကိုလည်း ခွင့်ပြုချက်မပေးပဲပိတ်ဆို့ထားတာတွေဟာ အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု War Crimes ပြဌာန်းချက်အရ စစ်ရာဇဝတ်မှုမြောက်ကြောင်း ဖော်ပြထားပါတယ်။

အောင်မြေ ၂ ဖြစ်စဉ်မှာ စစ်တပ်က စစ်ရာဇဝတ်မှုများစွာကို တိုက်ရိုက်ကျူးလွန် ချိုးဖောက်လိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုသူ အထက်တန်းရှေ့နေ တစ်ယောက်က ထောက်ပြပါတယ်။

“War Crimes(စစ်ရာဇဝတ်မှု) ဥပဒေတွေအရဆိုရင် ဒီအောင်မြေ ၂ ကိစ္စမှာ စစ်တပ်က အရပ်သား တွေကို လူသားဒိုင်းလုပ်တယ်လို့ပြောလို့ရပါတယ်။ ဒီဖြစ်စဥ်အရဆိုရင် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်တဲ့အချိန်မှာတောင် အရပ်သားတွေကို စစ်ဆေးတာ၊ ဂိတ်တွေမှာ တားဆီးတာတွေ အကျီတွေပါ ချွတ်ပြီးစစ်ဆေးတာတွေက သူတို့လုပ်သမျှအကုန်လုံးကို ပြဌာန်းထားတဲ့ဥပဒေတွေကို တိုက်ရိုက်ချိုးဖောက်ရာကျပါတယ်” လို့ ဆိုပါတယ်။

အောင်မြေ ၂ ကျေးရွာအရပ်သားတွေ ပိတ်မိတဲ့ဖြစ်စဥ်မှာ လူသားတိုင်းဟာ လုံခြုံမှုမရှိတဲ့နေရာကနေ လွတ်လပ်စွာ သွားလာခွင့်ရှိပေမဲ့ ပိတ်ဆို့ခံရတာ၊ အစားအသောက်လုံလောက်စွာ မရရှိတာ၊ အရပ်သားတွေကို တစ်နေရာထဲစုပြီး ထိန်းသိမ်းတာတွေဟာ Universal Declaration of Human Rights အရ စစ်ကောင်စီတပ်ဟာ လူသားတိုင်းရသင့်တဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်များ၏ ကူညီထောက်ပံ့မှုကို လိုအပ်နေပါသည်။

Show More

Related Articles

Back to top button