ချောင်းရေတိမ်ကောလာသောကြောင့် ပူတာအို မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် အထက်ချောင်းရေတိမ်ကောလာသောကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများတွင် လျှပ်စစ်မီး ၂ ရက်ခြားတစ်ကြိမ်သာ ရရှိတော့ကြောင်း ပူတာအိုမြို့ ဒေသခံများထံမှ သိရသည်။
ပူတာအိုမြို့တွင် ယခင် ရပ်ကွက်၊ ကျေးရွာအလိုက် အလေ့ကျစနစ်ဖြင့်သာ မီးရရှိသည့်အချိန်တွင်လည်း ည ၁၀ နာရီမှ ည ၁၁ နာရီတွင်သာ မီးပေးလျက်ရှိသည့်အပြင် ဧပြီလမှစပြီး ၂ ရက်မှတစ်ကြိမ်သာ မီးရရှိနေသည့်အတွက် လျှပ်စစ်မီးကို လုပ်ငန်းသုံးနှင့် မီးဖိုချောင်သုံးအတွက် အားထားရသည့်ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။
“ပူတာအို EPC ကတော့ ပြောလည်းမပြောချင်တော့ဘူး မီးကလာခြင်တဲ့ခါလာတယ် လာရင်လည်း ခနဆိုပျက်ပြီ။ တခါတလေဆို ည ၁၁ နာရီလောက်မှလာတယ်ဘယ်သူမှအဲ့ချိန် မီးမသုံးဘူး။ ပြီးရင် မိုးမလင်ယးသေးဘူးပျက်သွားပြီ”ဟု ပြောသည်။
ပူတာအိုတစ်မြို့နယ်လုံးအား အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး ပုံမှန်အားဖြင့် စက်သုံးလုံးလည်ပတ်နိုင်မှသာ တစ်မြို့နယ်လုံးကိုအချ်ိန်ပြည့်မီးပေးနိုင်ကြောင်း သိရသည်။
သို့သော် လက်ရှိ နမ့်ထွက်ချောင်းရေသည် ရာသီဥတုအပြောင်းအလဲကြောင့်ရေတိမ်ကောလာသဖြင့် လျှပ်စစ်မီးပုံမှန်မဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်ဟု ပူတာအိုမြို့နယ် EPC မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။
“ပုံမှန်ဆိုစက်သုံးလုံးလည်ပတ်နိုင်မှတစ်မြို့နယ်လုံးကိုအချိန်ပြည့်မီးပေးနိုင်တာ ဒါပေမယ့်အခုက နမ့်ထွမ်ချောင်းက ရေခမ်းနေတာ အဲ့ကြောင့် စက်က တစ်လုံးပဲလည်နိုင်တယ် စက်တစ်လုံးပဲလည်နိုင်တော့ မြို့ပေါ်ရပ်ကွက်တွေကျေးရွာတွေကို ၂ ရက်ခြားတစ်ကြိမ်ပေါ့ အဲ့လိုပဲမီးပေးနိုင်တယ်”ဟုပြောသည်။
ပူတာအိုမြို့နယ်အတွင်း ယခုကဲ့သို့ ၂ရက်ခြား တစ်ကြိမ် မီးပေးမည့်စနစ်ကို လာမည့် ဇူလိုင် လဆန်းပိုင်းခန့်အထိဖြစ်နိုင်မည်ဟုလည်းသူကဆက်ပြောသည်။
အထက်နမ့်ထွက်ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ လက်ရှိ မီးအသုံးပြုသူ ပူတာအိုမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ စုကအသုံးပြုနေကြောင်း သိရသည်။