သတင်း

မှော်ဝမ်းရပ်ကွက် ရေဆေးဆီလိုက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး အရပ်သားပြည်သူ ၁၃ ဦးဖမ်းဆီးခံရ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိသော မင်းမင်းကျော် ဆိုင်ကယ်နှင့် ကား ရေဆေးဆီလိုက် ဆိုင်ဝင်စီးခံပြီး ဆိုင်ဝန်ထမ်းအချို့နှင့် လမ်းသွားလမ်းလာပြည်သူများအပါအဝင် စုစုပေါင်း ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၂ ရက်နေ့  ၁၂ နာရီဝန်းကျင်တွင် စစ်အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည်  ဖားကန့်မြို့ မရှီကထောင်ဘက်သို့ ဝင်ရောက်လာစဉ် ကျောက်စိမ်းတောင်ကုမ္ပဏီရုံးရှေ့ မိုင်းဆွဲခံလိုက်ရပြီးနောက် မှော်ဝမ်း‌ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

သူတို့မိုင်းဆွဲခံလိုက်ရတဲ့‌နောက်  ဒီဘက်ပြန်ဝင်လာတာ အဲမှာလမ်းသွားတဲ့သူတွေကို စစ်ပြီးထိုင်ခိုင်းတာရှိတယ်။ ခုနောက်ဆုံးကြားရတာတော့ ၁၃ ယောက်ပါသွားတယ် အသေးစိတ်တော့မသိသေးဘူးဟုပြောသည်။

ဖမ်းဆီးခံသွားရသူများသည် လူငယ်၊ လူလတ်ပိုင်းနှင့် အမျိုးသားများဖြစ်ကြောင်းသိရပြီး မည်သူမည်ဝါဖြစ်ကြောင်းကို‌တော့ အသေးစိတ်မသိရပေ။

စစ်ကောင်စီတပ်သည် ကျောက်စိမ်း‌တောင်ကုမ္ပဏီရုံးရှေ့ မိုင်းဆွဲခံရမှုတွင် ထိခိုက်သေဆုံးသူရှိခဲ့ပြီး တစ်ဖက်တပ် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်ဟုသိရသည်။

ထို့နောက် နေ့လည် ၂ နာရီဝန်းကျင်တွင် မှော်ဝမ်းရပ်ကွက်တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမှုများပြုလုပ်ကာ ရေဆေးဆီလိုက်ဆိုင်မှ ဆိုင်ဝန်ထမ်းအချို့နဲ့ လမ်းသွားလမ်းလာပြည်သူအချို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများအပါအဝင် KIA,PDF နှင့် ပတ်သက်ဆက်နွယ်သူများ၊ သံသယရှိသူများအား ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်လာသည့်အပြင် ဧပြီလ လဆန်းပိုင်းမှစပြီး အစုအပြုံလိုက်လိုက်လံဖမ်းဆီးမှု ပိုပြင်းထန်လာသည်။

ခုဆိုရင် နေ့သွားလည်း ကြောက်ရ ညထွက်လည်းကြောက်ရ တော်တော်ကို ဆိုးရွားလွန်းနေပြီ။ လူဘယ်လောက်ဖမ်းခံရလဲ ထိုင်ကြည့်နေရုံကလွှဲပြီး ဘာမှ ပြန်မလုပ်နိုင်ဘူးဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးထားသူများထဲမှ မှတ်ပုံတင်စစ်ဆေးပြီး အချို့ကိုပြန်လည်လွှတ်ခွင့်ပေးခဲ့သော်လည်း သံသယရှိသူများကိုမူ မဇွပ်ယန်အကျဉ်းထောင်တွင် ချုပ်ထားကာ ရိုက်နှက်စစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းသည့်နောက်ပိုင်း ဖားကန့်တွင် အရပ်သားများဖမ်းဆီးခံရမှုမကြာခနရှိခဲ့သော်လည်း ယခုကဲ့သို့အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုမှာ ၂၀၂၃ နှစ်ဆန်းပိုင်းကပိုမိုလုပ်ဆောင်လာပြီး လွန်ခဲ့သည့်လပိုင်း စဗျစ်ခူးရွာသား ၆၀ ကျော်ဖမ်းဆီးခံရမှုနဲ့ ရှရော်ခါးရွာသား ၁၀၀ ကျော်ဖမ်းခံရမှုအပါအဝင် မှော်ပုံ၂၀၀ ဝန်းကျင် ဖမ်းခံရမှုသည် အများဆုံးဖြစ်စဥ်များ ဖြစ်သည်။

Show More

Related Articles

Back to top button