ဆောင်းပါးသတင်းသတင်းဆောင်းပါး

စစ်ရေးနဲ့ ဝမ်းရေးကြားက အပူသည်များ

ပြေးရ လွှားနေရတာနဲ့ဘဲ တစ်နှစ်ပြည့်လာနေပြီ ခုချိန်ထိဘာမှ မလုပ်ရသေးဘူး လို့ ပြောလာသူကတော့ ဗန်းမော်ခရိုင် မိုးမောက်မြို့ ဝဝမ်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ကိုင်လိန် (အမည်လွှဲ) ဖြစ်ပါတယ်။

ဒေါ်ကိုင်လိန် (အမည်လွှဲ) တို့ မိသားစုဝင်တွေဟာ ဝဝမ်ကျေးရွာ ဒေသခံတွေဖြစ်ကြပြီးတော့ မိသားစုဝမ်းရေးအတွက် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့သူတွေပါ။ မိသားစု စားဝတ်နေရေး ကလေးတွေရဲ့ ကျောင်းပညာရေးအတွက် လိုအပ်တဲ့အရာမှန်သမျှ လယ်ကနေရရှိလာတဲ့စပါးတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာတော့ မိုးမောက် ဝဝမ်ကျေးရွာအနီးမှာရှိတဲ့ လုံဂျာဘွမ်တောင်မှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေါ်ကိုင်လိန်တို့ မိသားစုအပါအဝင် ဝဝမ်ကျေးရွာနေပြည်သူတွေဟာ ဝဝမ်ကျေးရွာကနေ မိုးမောက်မြို့ပေါ်မှာရှိတဲ့ တဂေါဘော်ဒါ Camp၊ ဧဒင်ရပ်ကွက် RC Camp ၊ ခါနန်ရပ်ကွက်(ဘုရားကျောင်းဝင်းနှင့် မိုးမောက် စိုက်ပျိုးရေး Camp နေရာတွေနဲ့ အသိဆွေမျိုးနေအိမ်တွေမှာ တိမ်းရှောင် နေကြရတာပါ။

တိုက်ပွဲဖြစ်တဲ့ချိန်ဟာ မိုးစပါးစတင်မှည့်လာချိန်ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ငွေကုန်ကြေးကျခံ လူပင်ပန်း၊ စိတ်ပင်ပန်းမှုများစွာ လုပ်အား၊ ငွေအား အရင်းနှီးများစွာထည့်ပြီး စိုက်ပျိုးခဲ့ကြရတဲ့ မိုးစပါးဟာ ရိတ်သိမ်းရမယ့် အချိန်ရောက်ခါနီးမှ စပါးခင်းကို ပစ်ထားခဲ့ရတယ်လို့ ဒေါ်ကိုင်လိန်ကပြောပါတယ်။

နဖူးကချွေး ခြေမကျသည်အထိ ကြိုးစားစိုက်ပျိုးခဲ့ကြတဲ့ ပြည်သူတွေရဲ့ စပါးခင်းတွေဟာ ကျွှဲ၊နွား တိရိစ္ဆာန်ရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတဲ့အပြင် စစ်ကောင်စီတပ်တွေက စပါးခင်းထဲကနေ လမ်းသဖွယ် ဖြတ်သွား ဖြတ်လာ လုပ်ပေးကြတဲ့အတွက် စပါးခင်းအားလုံး ဖျက်ဆီးခံလိုက်ရပါတယ်။

တစ်နှစ်စာအတွက် ကြိုးစားပြီး စိုက်ပျိုးထားကြတဲ့စပါးခင်းကြီးတွေဟာ တိုက်ပွဲကြောင့် ဖျက်ဆီးခံလိုက်ရတဲ့အတွက် “အရုပ်ကြိုးပျက်” ဖြစ်ခဲ့ရတယ်လို့ ဒေါ်ဂျာဘူအမည်လွှဲ) က ပြောပါတယ်။

ကျမတို့ လယ်က တစ်နှစ်တစ်နှစ်ဆို စပါင်းတင်းရေ ၂၀၀ ဝန်းကျင်လောက်ရတယ်။ လုပ်အားခအကုန်နုတ်ရင် စပါးတင်း ၁၃၀ လောက်ကျန်တယ်။ အဲဒါ တစ်နှစ်စာလုံလောက်တယ်။ မနှစ်က စပါးမရိတ်ရတော့ သူများကူညီတာနဲ့ဘဲ စားနေရတာ ဒီနှစ်မလုပ်နိုင်ရင်တော့ ငတ်ရုံပဲ ရှိတော့တယ်

ကချင်ပြည်နယ်က လယ်စပါးစိုက်ပျိုးတဲ့တောင်သူအများစုဟာ တစ်ခြားဒေသက တောင်သူတွေလို တစ်နှစ်မှာ နွေစပါး၊ မိုးစပါးဆိုပြီး နှစ်သီးစား စိုက်ပျိုးလုပ်ကိုင်တာ အင်မတန်နည်းပါတယ်။ တစ်နှစ်လုံးမှ မိုးစပါးတစ်ကြိမ်သာ စိုက်ပျိုးကြတဲ့တောင်သူတွေအတွက် မိသားစု စားဝတ်နေရေးအတွက် အားထားရာကလည်း ဒီမိုးစပါးသာဖြစ်ပါတယ်။

ဒါပေမယ့် ဝဝမ်ဒေသခံတွေအဖို့တော့ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထားတဲ့ မိုးစပါးကို ရိတ်သိမ်းယူနိုင်ခြင်းမရှိတဲ့အပြင် ဝမ်းရေးထက် အသက်ရှင်သန်ရေးက ပိုအရေးကြီးသောကြောင့် မိမိတို့နေထိုင်တဲ့ ဒေသကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

စစ်ရှောင်ကာလ ၇ လတာအတွင်းမှာ ခက်ခက်ခဲခဲ ရှာဖွေစားသောက်ခဲ့ကြရတဲ့ ဝဝမ်ဒေသခံတွေဟာ နွေအကုန် မိုးအကူးကာလ လယ်ယာ၊ တောင်ယာစိုက်ပျိုးဖို့ ပြင်ဆင်ရမယ့် အချိန်ရောက်လာပြီမို့ နေရပ်ပြန်လည်နေထိုင်ဖို့ စိုင်းပြင်းနေကြပြီဖြစ်ပါတယ်။

ဒါပေမယ့် တာဝန်ရှိတဲ့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက ဒေသခံများ ဘေးကင်းလုံခြုံစွာမိမိနေရပ်ပြန်လည်နေထိုင်နိုင်ရန် တာဝန်ယူမှု တာဝန်ခံမှုတစုံတစ်ရာလုပ်ဆောင်ပေးတာတွေ မရှိဘူးလို့ ပြောပါတယ်။

ခု စစ်တပ် ထိုင်ထားတဲ့နေရာက ရွာနားမှာဘဲ အဲတော့ ပြန်ရမှာကြောက်ကြတယ် ဒါပေမယ့် မပြန်လို့လည်းမဖြစ်ဘူးလေ။ စားဖို့ သောက်ဖို့လယ်တွေလုပ်ကြရမှာဆိုတော့ နေ့သွား၊ညပြန်လုပ်နေကြတယ်။ ရွာလူကြီးတွေရော တာဝန်ရှိတဲ့ နှစ်ဖက်လက်နက်ကိုင် တွေဘက်က ညှိနှိုင်းပေးတာမရှိဘူး အဲကြောင့် ခုနေ့သွား၊ညပြန်အလုပ်လုပ်နေတဲ့သူတွေက သက်ကြီးပိုင်းတွေ လိုအပ်လို့ ပြန်နေကြတာ ။ စစ်တပ်ရှိနေတော့ အမျိုးသမီးငယ်တွေကတော့ လုံးဝမပြန်ကြဘူး ကြောက်တယ်လေ စစ်ရှောင် ကူညီနေသူတစ်ယောက်က ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇူလှိုင်လမှာ မိုးမောက်မြို့နယ် နွမ်လန့် (Num Lang) ရွာမှာနေထိုင်တဲ့ အသက် ၅၁ နှစ်အရွယ် ကချင်အမျိုးသမီးတစ်ယောက်က ယာခင်းမှာရှိတဲ့ ခင်ပွန်းဖြစ်သူကို ထမင်းသွားတဲ့ပို့ချိန် လယ်တောအစပ်တစ်နေရာမှာ စစ်ကောင်စီတပ်သားတွေက အစုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ အလားတူပဲ နွမ်းလန့်ကျေးရွာမှာပင် ယခုနှစ် ဧပြီလ ၂၀ ရက်မှာ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက တောင်ယာဘက်သွားရာ စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ ယုတ်မာရိုင်းစိုင်းမှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဟာ ပြည်သူတွေကို အကြောက်တရားတွန်းပို့တဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။

ဒါကြောင့်မို့ ခုချိန်မှာတော့ အနီးတစ်ဝိုက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖော်ဆောင်တာမရှိပေမယ့် ဝဝမ်ကျေးရွာနဲ့တစ်မိုင်ခန့်သာဝေးတဲ့ လုံဂျာဘွမ်(Lungja Bum) တောင်ခြေ ဆုတောင်းတောင်မှာ စစ်သားတွေဟာ သံဆူးကြိုးတွေနဲ့ခိုင်အမာခတ်ပြီး တပ်စွဲနေထိုင်နေသောကြောင့် ဝဝမ်ကျေးရွာဒေသခံပြည်သူများဟာ နေရပ်ပြန်လည်နေထိုင်ပြီးလယ်ယာ၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ လုံခြုံစိတ်ချမှုမရှိဘူးလို့ ဝဝမ်ကျေးရွာက ပြည်သူတစ်ဦးဖြစ်တဲ့ ဦးနော်ထွယ်က (အမည်လွဲ)က  ပြောပါတယ်။

ခေတ်အဆက်ဆက် တိုင်းရင်းသမီးပျို အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့  ကချင်ဒေသက ပြည်သူတွေဟာ စစ်တပ်ကို မိစ္ဆာသဖွယ်ရှုမြင်နေကြတာ အဆန်းတော့ မဟုတ်တော့ပါဘူး။

မည်သို့ပင်ဆိုစေကာမှု ဆက်ပြီးအသက်ဆက်ရှင်သန်နိုင်ရေးအတွက် ဝဝမ်ကျေးရွာဒေသခံတွေဟာ နေရပ်အပြီးပိုင် မပြန်ပေမယ့် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်တွေကို သွားရောက်လုပ်ကိုင် နေတဲ့သူတွေရှိနေပြီ ဖြစ်ပါတယ်။

ကြောက်ရင်လည်း လုပ်ရမှာပဲ စားဖို့သောက်ဖို့က လိုသေးတာကိုး စစ်ရှောင်စခန်းမှာနေပြီး သူများကူညီနေတာဘဲစားနေရတာ ရေရှည်မှာအဆင်မပြေတာတွေရှိလာနိုင်တယ်။ အဲကြောင့် ပြန်လာလုပ်ဖို့ဆုံးဖြတ်လိုက်တာပါ” ဒေါ်ဂျာဘူအမည်လွှဲ) က ပြောပါတယ်။

မိမိတို့ဘဝ ရေရှည်ရပ်တည်နိုင်ရေး မိသားစု စားဝတ်နေရေးအတွက် အကြောက်တရားကိုမျိုသိပ်ပြီး ကြိုးစားရုန်းကန်နေကြရတဲ့ တောင်သူတွေမို့ စစ်ရေးနဲ့ဝမ်းရေးကြားက အပူသည်တွေဖြစ်လို့နေပါတယ်။

အိမ်ခြေ ၁၀၇ အိမ်ရှိတဲ့ ဝဝမ်ကျေးရွာဟာ လုံဂျာဘွမ်တောင်ခြေနဲ့အနီးဆုံးမှာရှိတဲ့ကျေးရွာဖြစ်ပါတယ်။ KIA တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၅ နယ်မြေဖြစ်တဲ့ လုံဂျာဘွမ်(Lung Ja Bum) တောင်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းမှာဘဲ လုံဂျာဘွမ်စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က လုံဂျာဘွမ်တောင်ခြေမှာ တပ်စွဲလိုက်တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button