သတင်း

စစ်တပ်နယ်မြေ နှင့် VIP အုပ်စုတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ဘူးဂါးရုံး ထုတ်ပြန်

စစ်တပ်နယ်မြေ နှင့် အုပ်ချုပ်ရေးရုံးများတည်ရှိရာ ရပ်ကွက်များကို အုပ်စု D အဖြစ် ၂၄ နာရီ လျှပ်စစ်မီးရရှိမည်ဟု ဘူးဂါးလျှပ်စစ်ရုံးမှ လစဉ်ထုတ်ပြန်နေသည့် ဓာတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားအရ သိရသည်။

အုပ်စု D တွင် ပမခ စစ်တပ်နယ်မြေ၊ သီတာ၊ ဧရာ၊ စီတာပူ နှင့် ဝိုင်းမော် (၅၈) တပ်ရင်းတို့ဖြစ်ပြီး ၂၄ နာရီ ဓာတ်အားပေးရခြင်း အကြောင်းအရင်းကို ဘူးဂါးလျှပ်စစ် ဓာတ်အားပေးဌာနမှ တာဝန်ရှိသူက KNG ကိုပြောသည်။

“ကျွန်တော်တို့ အဲ့တာက ပြည်သူ့ဆေးရုံတွေရှိတယ်၊ အုပ်ချုပ်တဲ့နေရာ ရုံးတွေရှိတယ်၊ တရားရုံးတွေရှိတဲ့ အတွက် အဲ့ဒီအပိုင်းတွေမှာ ၂၄ နာရီပေးတာဖြစ်တယ်” ဟုပြောသည်။

ဘူးဂါး လျှပ်စစ်ရုံးသည် မီးဖြန့်ဖြူးမည့် အချိန်ဇယားအား ၁၀ ရက်လျှင်တစ်ကြိမ်ထုတ်ပြန်လေ့ရှိသည်။

ရာသီဥတုပူပြင်းခြောက်သွေ့ပြီး ရေရရှိမှု မလုံလောက်သဖြင့် ဓါတ်အားလုံလောက်အောင် မဖြန့်ဖြူးနိုင်သေးသော အချို့သောအုပ်စုများကို အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အုပ်စု D ရှိ ရပ်ကွက်များကို ၂၄ နာရီ မီးပေးပြီး ကျန်အုပ်စုများအား အချိန်ဇယားခွဲပေးခြင်းအပေါ် ဒေသခံတစ်ဦးက KNG ကို အခုလိုပြောသည်။

“ အဲ့ဒီဘက်မှာတွေက ရုံးတွေလည်းများတယ်၊ ဆိုင်တွေလည်း များလို့လည်းနေမှာပေါ့၊ တစ်ချို့တွေက ပိုက်ဆံပေးပြီး ၂၄ နာရီလာအောင် လုပ်ခိုင်းတယ်လို့လည်း ကြားမိတယ်၊ ကျွန်တော့ အနေနဲ့ကတော့ မတရားဘူးလို့တော့မြင်မိပါတယ်” ဟုပြောသည်။

မေလ ၃၀ ရက်နေ့ ဘူးဂါးရုံး၏ ထုတ်ပြန်ချက်တွင် ရာသီဥတု ခြောက်သွေ့ပြီး ရေရရှိမှု မလုံလောက်သည့်အတွက် ၃၁.၅.၂၀၂၃ မှ ၁၀.၆.၂၀၂၃ အထိ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ အတွင်း ဓာတ်အားဖြန့်ဖြူးသွားမည့် အချိန်ဇယားအား ထုတ်ပြန်ထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button