သတင်း

မန်လုံကျေးရွာတွင် စာသင်ကျောင်းဖွင့်လှစ်နိုင်ရန် အကူညီများ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်လုံကျေးရွာတွင် စာသင်ကျောင်းဖွင့်လှစ်မည့် အချိန်နီးလာသော်လည်း ကူညီမည့်သူ မရှိသောကြောင့် ကျောင်းဆောင်များ ပြုပြင်ရန် အရေးတကြီး အကူညီလိုအပ်နေသည်ဟု သိရသည်။

ကျေးရွာကော်မတီဘက်တွေနဲ့လည်း သေချာမဆွေးနွေးကြသေးဘူး၊ ကျောင်းကတော့ ဖွင့်ရမှာက ဖွင့်ရမှာပေါ့၊ ကျောင်းဆောင်လည်း မလုပ်ရသေးဘူး၊ ကူညီမဲ့သူတွေလည်းမရှိတော့ တကယ်လို့ ဖွင့်မယ်ဆိုရင်တောင် မိုးကာနဲ့ဘဲ လုပ်ရမှာပေါ့ဟုမန်လုံ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မန်လုံကျေးရွာမှ ပြည်သူများသည် မိမိတို့၏ သား၊ သမီးများကို မြို့ပေါ်ကျောင်းများတွင်ထားရှိနိုင်ရန် ငွေကြေးအခက်အခဲ ရှိသောကြောင့် ကျေးရွာစာသင်ကျောင်းဖွင့်နိုင်ရန် မဖြစ်မနေ လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော်လည်း နိုင်ငံရေးတည်ငြိမ်မှု မရှိသောကြောင့် စိုးရိမ်မှုများရှိ‌နေကြောင်း မန်လုံဒေသခံ မိခင်တစ်ဦးက KNG ကို ဆက်ပြောသည်။

ကျွန်မတို့နေတဲ့ နေရာက တစ်ခါခါ သေနတ်သံတွေလည်းကြားနေရ လုံခြုံတဲ့နေရာ မဟုတ်တဲ့အတွက်ကြောင့် ကလေးတွေအတွက် စိတ်ပူတယ်။ ပြီးတော့ ဆရာမတွေကလည်း လာလုပ်ချင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ဖြစ်တယ်၊ ကျွန်မတို့ မိဘတွေအနေနဲ့က ကလေးတွေပညာရေးအတွက်တော့ ကျောင်း အရမ်းဖွင့်ခိုင်းစေချင်တယ်ဟုပြောသည်။

ထို့ကြောင့် လက်ရှိ စစ်ကောင်စီအောက် ပညာရေးဌာနများမှ မန်လုံကျေးရွာအတွက် စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ပေးပြီး စာသင်ကြားမယ့် ဆရာ၊မ များလည်း ချမှတ်‌ပေးစေလိုကြောင်း ဒေသခံများက‌ ပြောသည်။

စစ်ကောင်စီအောက် ပညာရေးဌာနမှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပါဝင်ဆက်ကပ်နိုင်မည့် ဆရာမများရှိလျှင် ကလေးငယ်များ၏ ပညာရေးအတွက် ကူညီပေးစေလိုကြောင်း မန်လုံဒေသခံများမှတောင်းဆိုထားပါသည်။

လက်ရှိမန်လုံတွင် အိမ်ထောင်စု ၃၂ စုနှင့် လူဦးရေ ၁၆၃ ဦးရှိပြီး မူလတန်းတက်မည့်ကလေးသူငယ် ၂၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့မှ ၇ မိုင်ဝေးသည့် မန်လုံ‌ကျေးရွာသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ စ၍ ကွတ်ခိုင် စစ်ရှောင်စခန်း၂ တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့တွင် နေရပ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button