ဆောင်းပါးသတင်းသတင်းဆောင်းပါး

ရက်ပေါင်း ရှစ်ရာကျော် စစ်တပ်ဆန့်ကျင်ရေးသပိတ် ဦးဆောင်နေတဲ့ CDM ဆရာမ

ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး ဒို့အရေး၊ ငါတို့ပြည်သူ ငါတို့ပြန်ပေး လုံဝအုပ်ချုပ်ခွင့်မရစေရ၊ အရေးတော်ပုံအောင်ရမည်၊ အရေးတော်ပုံအောင်ရမည် ဆိုတဲ့အသံတွေနဲ့အတူ လက်သီးလက်မောင်းတန်းပြီး သပိတ်ဦးဆောင်နေသူကတော့ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုး ဖြစ်ပါတယ်။

အသားခပ်ညိုညို အရပ်အနိမ့်မမြင့် စကားပြောရင် အသံကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ပြောတတ်တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ အာဏာမသိမ်းခင် အစိုးရနည်းပညာကောလိပ်တစ်ခုမှာ နည်းပြအနေနဲ့ တာဝန်ထမ်းပြီး စက်မှုအင်ဂျာနီယာ ဘာသာရပ်နဲ့စာသင်ကြားခဲ့သူဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ဇာတိဖြစ်ပြီး မွေးချင်းညီမနှစ်ယောက်ရှိတဲ့ထဲက သမီးကြီးဖြစ်တယ်လို့ပြောပါတယ်။ အာဏာသိမ်းမှုမဖြစ်ခင် သူမဘဝကလည်း တစ်ခြားလူငယ်တွေလိုဘဲ မိမိဘဝရဲ့ရှေ့ရေးအတွက် ဘဝကိုအဓိပ္ပါယ်ရှိရှိနဲ့ ဖြတ်သန်းရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အစိုးရဝန်ထမ်းဘဝမှာ ပျော်ပျော်ကြီး တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းလိုက်တဲ့နေ့ဟာ သူမစိတ်တွေ ဂျုံးဂျုံးကျခဲ့ပြီး သူမသိပ်တန်ဖိုးထားတဲ့ဝန်ထမ်းဘဝကို စွန့်လွှတ်ဖို့အကြောင်း ဖြစ်လာခဲ့ပြီးနောက် အမှန်နဲ့အမှားကို ကွဲကွဲပြာပြားသိနားလည်တဲ့ သူမဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် အာဏာဖီဆန်ရေးမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့ CDM (civil Disobedient Movment) ကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းခါစ တစ်နိုင်ငံလုံးအတိုင်အတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းမပေါ်ထွက်ဆန္ဒပြပွဲတွေဟာ နေရာအနှံ့မှာ လူထုရဲ့ပါဝင်မှုအားကအတော်လေးကို အားကောင်းခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ဘီလူးဆိုင်းတီးယုတ်မာရိုင်းစိုင်းမှုဟာ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့ပြည်သူတွေကို လိုက်လံဖမ်းဆီးတာတွေအပြင် CDM လုပ်ထားတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုလည်း ခြိမ်းခြောက်တာတွေ ပြုလုပ်သလို ဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့တာပါ။

ဒါကြောင့် CDM လုပ်တဲ့ ဝန်ထမ်းမိသားစုများဟာ မိသားစုစားဝတ်နေရေးကြောင့်ထွက်ပြေးတိမ်းရှောင်ရင်း ခက်ခက်ခဲခဲ ရရာအလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေရှိသလို တော်လှန်ရေးမှာ ပေးဆပ်နေတဲ့ CDM ဝန်ထမ်းတွေ အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်လက်အောက်ထဲကို Non-CDM ပြန်လုပ်သွားကြတဲ့သူတွေလည်း ရှိနေပါတယ်။

“CDM ဝင်လိုက်တဲ့ချိန်မှာ စိန်ခေါ်မှုကတော့ရှိတယ် ကျနော်ဆိုရင် မိသားစုမှာအကြီးဆုံးဖြစ်တယ်။ အိမ်ထောင်ပြုတာလည်း မရှိသေးဘူး အာဏာမသိမ်းခင်ဆိုရင် ညီအမနှစ်ယောက်စလုံးရဲ့လစာနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းရတာ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ယောက်စလုံးက CDM လုပ်လိုက်တော့ တော်တော်လေးကို ခက်သွားတယ်

ဒီလို အခက်ခဲပေါင်းစုံကြားထဲက အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်ကစပြီး ဒီနေ့ချိန်ထိ ဇွဲမလျော့ဘဲ တောင့်ခံနေတဲ့ CDM ဆရာမဒေါ်နွယ်နွယ်မိုးကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ကြယ်လေးတွေအတွက်သာမက အေးစက်တဲ့မြောက်ပြန်လေက သယ်ဆောင်လာတဲ့နှင်းမှုန်တွေမဟုတ်ဘဲ စစ်တပ်ရဲ့ရက်စက်မှုကြောင့် ကျနေတဲ့ သားပျောက်၊သမီးပျောက်မိခင်တွေရဲ့ မျက်ရည်တွေအတွက် ခေတ်အဆက်ဆက်ရက်စက်မှုသရဖူဆောင်းနေတဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးဇာတ်သိမ်းနိုင်ဖို့ နွေဦးတော်လှန်ရေးမှာကျရာနေရာကနေ ပါဝင်နေရင်း လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေကိုလည်း ခက်ခဲမှုကြားကနေ ဦးဆောင်နေသူဖြစ်ပါတယ်။

ကိုယ်တစ်ယောက်ရဲ့ခံယူချက်ပေါ့နော် CDM ဝင်ရုံနဲ့ မတင်းတိမ်နိုင်ဘူး တော်လှန်ရေးကြီးအမြန်ဆုံးပြီးချင်တယ်။ အဲတော့ ငါဘာလုပ်နိုင်မလဲစဉ်းစားတာပေါ့နော် နောက်တော့ သပိတ်ဦးဆောင်တယ် မြို့ပေါ်တက်ပြီးမလုပ်နိုင်တဲ့ချိန်မှာ ကျေးလက်တွေမှာ သပိတ်ဦးဆောင်ခဲ့တယ်။ ကြောက်တာတော့ ကြောက်တယ် ကိုယ့်သပိတ်စစ်ကြောင်းကမဟုတ်ဘဲ တစ်ခြားကဖမ်းခံရပြီဆိုလည်း ကြောက်တယ် ဒါပေမယ့်ကြောက်တဲ့စိတ်ကို ထိန်းချုပ်ထားပြီး ပြည်သူတွေကို အားပေးရတာပေါ့

ဆရာမ ဒေါ်နွယ်နွယ်မိုးတို့နေတဲ့ ယင်းမာပင်နယ်မှာ စစ်တပ်အနေနဲ့လွှမ်းမိုးထားနိုင်တာမရှိပေမယ့်လို့ ရုတ်တရက် စစ်ကြောင်းထိုးလာတာတွေရှိတဲ့အတွက် သပိတ်စစ်ကြောင်းထဲက ပြီးခဲ့နှစ်တွေမှာ ဖမ်းဆီးခံရတာ အနည်းအကျဉ်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်တပ်က ငရဲခန်းအလားနှိပ်စက်တဲ့အကြောင်း ကြားနေရတဲ့ပြည်သူတွေဟာ တော်လှန်ရေးခရီး ကြာမြင့်လာတာနဲ့အမျှ နည်းအမျိုးမျိုးကြောင့် လူထုပါဝင်မှုအားကလည်း လျော့နည်းလာတယ်လို့ ပြောပါတယ်။

ဒီလိုချိန်တွေမှာ သူမကတော့ ကြောက်စိတ်ကိုဖျောက်ပြီး လမ်းမထက် ဆန္ဒထုတ်ဖော်တာတွေ ရပ်တန့်မသွားဖို့ အားတင်းပြီး နေ့စဉ်သပိတ်ဦးဆောင်နေတာ အခုဆိုရင် ရက်ပေါင်း ၈၂၅ ရက်ရှိပြီလို့ ပြောပါတယ်။

ဒါ့အပြင် ဆရာမဒေါ်နွယ်နွယ်မိုးဟာ လက်ရှိချိန်မှာ ယင်းမာနယ်ထဲက အမျိုးသားညီညွတ်ရေးကဖွင့်တဲ့ စာသင်ကျောင်း တွေမှာလည်း ကလေးတွေကို ပညာသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

အစကတည်းက ကျမကကျောင်းဆရာမဆိုတော့ တော်လှန်ရေးကာလမှာလည်း ကျမတို့အစိုးရကဖွင့်တဲ့ ကျောင်းတွေမှာ ကလေးတွေကိုလည်း ဆက်ပြီး စာသင်ကြားပေးနေတာပါ။ ကိုယ်လုပ်နိုင်တာမှန်သမျှတော့ အကောင်းဆုံးလုပ်သွားမယ်လို့ ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက် ကျမအတွက်တော့ အေးဆေးပါဘဲ

မြန်မာနိုင်ငံရဲ့ အာဏာရှင်တော်လှန်ရေးသမိုင်းအကြောင်း နောက်ပြန်လှန်ကြည့်မယ်ဆိုရင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာလည်း အမျိုးသမီးတွေဟာ ထိပ်ဆုံးကနေပါဝင်ခဲ့တာတွေရှိခဲ့တဲ့အပြင် ၈၈ ကျောင်းသားခေါင်းဆောင်၊ ကျောင်းသူခေါင်းဆောင်တွေလည်း အများအပြားပါဝင်ခဲ့ကြပါတယ်။

အလားတူ ဒီနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေဟာ ရှေ့တန်းကနေ ဦးဆောင်နေသူတွေရှိသလို ဆရာမ ဒေါ်နွယ်နွယ်မိုးတို့လို နည်းလမ်းပေါင်းစုံကနေ ပါဝင်နေကြတာတွေလည်းများစွာရှိနေပါတယ်။

လက်ရှိ ဆရာမဒေါ်နွယ်နွယ်မိုးတို့ ဦးဆောင်နေတဲ့ သပိတ်စစ်ကြောင်းဟာ ကျေးလက်ကိုဦးစားပေးပြီး ဆန္ဒထုတ်ဖော်နေပြီး အာဏာသိမ်းခါစကနေ ယနေ့ချိန်ထိ တစ်ရက်မှပြတ်လပ်ခြင်းမရှိဘဲ လမ်းမပေါ်ထွက် ဆန္ဒပြနေနိုင်တဲ့ သပိတ်စစ်ကြောင်း ဖြစ်ပါတယ်။

ဒီလို လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေခြင်းဟာ ငြိမ်းချမ်းတဲ့လက်နက်တစ်ခုအနေနဲ့ခံယူထားတာဖြစ်တယ်လို့ ပြောပါတယ်။

သပိတ်ထွက်နေတာက လိုအပ်လို့ လမ်းမပေါ်ထွက်ပြီးငြိမ်းချမ်းစွာဆန္ဒပြတာ ဒါကြီးမားတဲ့လက်နက်တစ်ခု ဒါနိုင်ငံတိုင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတာဟာ ငြိမ်းချမ်းတဲ့လက်နက်တစ်ခုလိုခံယူထားလို့ ကျနော်တို့ဆက်လုပ်ပြီး သပိတ်မှောက်တယ်

ဆရာမဒေါ်နွယ်နွယ်မိုးဟာ လက်ရှိယင်းမာပင်နယ်ဆားလင်းကြီးနယ်ဘက်မှာ ကာကွယ်ရေးတပ်တွေအတွက် ထောက်ပို့အလုပ်ကို လုပ်ပေးတာအပြင် စစ်ရှောင်ပြည်သူတွေအတွက် ရံပုံငွေရှာပေးတာ သပိတ်ဦးဆောင်သူ ကလေးတွေပညာသင်ကြားပေးနေတဲ့ အလုပ်တွေကို ကျရာနေရာကနေ ကူညီပေးနေပြီး တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ဖို့လိုလည်း မျှော်လင့်နေပါတယ်။

နွေဦးတော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ ဆရာမဒေါ်နွယ်နွယ်မိုးရဲ့ ရဲရင့်တဲ့ပြတ်သားချက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေရှိတဲ့သူတွေရှိသလို နွေဦးတော်လှန်ရေးခရီးတစ်ဝက်ကနေ ပြန်လှည့်ပြန်သွားတဲ့ သူတွေလည်းများစွာ ရှိနေပါတယ်။

ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် မင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရစေမိတာတော့အမှန်ပါ “ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်၊ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ် သွားကွယ် သွားကွယ်

Show More

Related Articles

Back to top button