သတင်း

ကန့်ဘလူ NUG လက်အောက်ခံကျောင်းတွေ ကိုယ်ထူကိုယ်ထ ရပ်တည်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံကျောင်းတွေ အခုနှစ်မှာတော့ ကိုယ်ထူကိုယ်ထ ရပ်တည်နေကြရတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

ပညာရေးအတွက်လိုအပ်တဲ့ အသုံးစရိတ်တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်က မပေးတဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးနှင့် အမျိုးသားညီညွှတ်ရေးအစိုးရထံကနေ တစ်ဆင့်ပြန်တောင်းခံရတာ ဖြစ်တယ်လို့ ကန့်ဘလူပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပညာရေးဘက်ကို မရသေးဘူး။ သက်ဆိုင်ရာတွေကို မေးကြည့်တော့ အချက်အလက်နဲ့အပြည့်အစုံ တင်တောင်းမှ ရမယ်လို့ သိရတယ်။ တောင်းတဲ့အခါမှာလည်း အချက်အလက်အပြည့်အစုံလိုတယ်။ ဘယ်အတွက် သုံးချင်တာပါ ဘယ်ထဲကနေ ရချင်ပါတယ်ဆိုပြီး တောင်းရတာပါ။ ကျနော်တို့ကိုယ်တိုင်လည်း တောင်းခဲ့တယ်။ အချက်အလက်မပြည့်စုံလို့ဆိုပြီး ပြန်တင်ခိုင်းတယ်။ အခုလည်းပြန်တင်ဖို့လုပ်နေပါတယ် လို့ ပြောပါတယ်။

ယခင် စာသင်နှစ်မှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်က ကျောင်းပေါင်း ၅၃ ကျောင်းစာ ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံတော်ဘက်ဂျက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ အတွက် ၄၀ ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတွက် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားတဲ့အတွက် အဲဒီထဲက ပြည်သူ့အုပ်ချုပ်ရေးနဲ့ NUG က ရရှိတဲ့ ရာခိုင်နှုန်းအချို့ကို ပညာရေးအတွက် ပြန်လည်တင်တောင်းတာဖြစ်တယ်လို့ ကန့်ဘလူပညာရေး ဘုတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် ပညာရေးအတွက် ထောက်ပံ့မှု မရသေးတာနဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ်ပညာရေးဘုတ်အဖွဲ့ က တာဝန်ရှိသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“NUG ကနေ‌ ပညာရေးအတွက် လစဥ်အသုံးစရိတ်တွေရမယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ဒါဆိုရင် ပိုပြီးတော့လည်း ထိရောက်မယ်။ ပြည်သူတွေရဲ့ယုံကြည်မူလည်းပိုရနိုင်တာပေါ့။ လောလောဆယ်တော့ အလှူရှင်တွေ ကိုယ်နဲ့နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူညီ၊ ဆွေမျိုးသားချင်းတွေရဲ့အကူညီ အဓိကကတော့ ပြည်သူတွေရဲ့အကူညီနဲ့သွားနေရတယ် ဒီထက်ပိုအားကောင်းအောင် NUG ရဲ့ထောက်ပံ့မူ တွေရရင်တော့ ပိုအားကောင်းလာမယ်လို့ ယုံကြည်ပါတယ်လို့ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ NUG လက်အောက် ပညာရေးကျောင်းပေါင်း ၁၆၀ ကျော်ရှိပြီး ကျောင်းသား/ ကျောင်းသူ ၁၆၀၀၀ ကျော်နှင့် ပညာရေးဝန်ထမ်း ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကန့်ဘလူမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမကြာခဏထိုးနေတာကြောင့် ကျောင်းတက်ရောက်နေသူတွေထဲမှာ စစ်ဘေးရှောင် ကလေးငယ်တွေများပြားသလို ကျောင်းတွေနေနဲ့လည်း ကိုယ်ထူကိုယ်ထရပ်တည်နေရတာကြောင့်အခက်အခဲများစွာ ကြုံနေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

အဓိက ကျနော်ရောက်ခဲ့တဲ့ ကျောင်းထဲကဆိုရင် တောထဲက စစ်ရှောင်ကလေးငယ်တွေပေါ့ မိဘတွေက တောင်ယာတို့ မီးသွေးဖုတ်တာတို့လုပ်ကြရတော့ ကလေးတွေကို မဖြစ်မနေ ပညာရေးမို့လို့သာ ကျောင်းထား နေရတာပေါ့လေ သူတို့တတ်နိုင်လွန်းလို့တော့မဟုတ်ဘူး တစ်ဖက်မှာ ကိုယ်ထူကိုယ်ထလုပ်ရတဲ့အခါကျ ဆရာ၊ဆရာမတွေရဲ့ စားဝတ်နေရေးကအစ ကျောင်းသားမိဘတွေ တာဝန်ယူပေးရတော့ အခက်အခဲကတော့ အစုံပါပဲလို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်တစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံကျောင်းတွေ ဖြစ်ကြပြီးတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စိုးမိုးထားနိုင်တဲ့ ကန့်ဘလူမြို့ပေါ်၊ ကာဘိုးနှင့် ထန်းကုန်း တိုက်နယ်တွေမှာတော့ စစ်ကောင်စီလက်အောက်ခံ ကျောင်းအချို့ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button