စစ်ပြေးဒုက္ခသည်များဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

နန့်သာရွာက လေတန်ချောင်းပုံ
နန့်သာရွာက လေတန်ချောင်းပုံ

“နန့်သာရွာထဲမှာသတ်ခံရတာ လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်ကတောင်ကြားပြန်တယ်။ ဘယ်သူ့အိမ်ဝန်းထဲမှာ ဆိုလည်းသတ်ထားတယ်တဲ့ သတ်ထားတာလည်း တွေ့တယ်။ ကျင်းလည်းတူးထားတယ်တဲ့ အဲ့မှာသတ်နေတာ ၁၀ ယောက်ကျော်နေပြီ သတင်းအရဆို ၁၀ ယောက်ကျော်ပြီသူတို့ရောက်ကတည်း ကနေသတ်နေတာ”လို့ ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ နန့်သာရွာ လေးတန်ချောင်းတံတားစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ပြည်သူ စုစုပေါင်း ၁၃ ဦးအထိရှိလာပြီး လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေရဲ့ ကားဆိုင်ကယ်၊လက်ကိုင်ဖုန်း၊ မှတ်ပုံတင်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“သူတို့ ဘယ်လိုဟာတွေသတ်သလဲဆိုတော့ နည်းနည်း အပြောအဆိုမတတ်တဲ့ဟာတွေ တချို့အူကြီးအူကြောင်သမားတွေ ပြီးတော့သူတို့က နိုင်ငံရေးသမားထင်ပြီးသတ်တာ။ အမှန်ကနိုင်ငံရေးသမားဘယ်သွားမလဲသူတို့ ရှိတဲ့နေရာကို။ နန့်သာရွာသားတွေကို သတ်တာမကြားသေးဘူး အပြင်ကလာတဲ့လူကို ဖမ်းဖမ်းပြီးသတ်တာ”လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ငွေတောင်းခံမှုတွေလည်းရှိနေပြီး ဂိတ်ကိုဖြတ်တဲ့ ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၁သောင်း၊ ကားတစ်စီးလျှင် ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ကောက်ခံနေတယ်လို့လည်းသိရပါတယ်။

“ဂိတ်ကတော့အချိန်အတိအကျမထိုင်ဘူး တခါတလေ မနက်အစောကြီးထိုင်ပြီးတခါတလေကျရင်တော့ နေ့လည်မှလည်းရောက်လာတတ်တယ် သူတို့တပ်စွဲထားတဲ့နေရာနဲ့နီးတယ် စစ်ဆေးရေးဂိတ်က အဲ့လိုပဲပိုက်ဆံက လည်းသူတို့တောင်းချင်တဲ့လူဆီတောင်းတာ ဖြတ်သွားတဲ့လူတိုင်းကိုတော့မတောင်းဘူး။ တချို့ဆိုဗန်းမောက်ဘက် အကြောင်းရှိလို့သွားရင်တာတောင် ပိုက်ဆံပေးရမှာကြောက်လို့ မသွားရဲကြဘူးအခြေအနေတွေက အဲ့လိုဖြစ်နေတာ”လို့ မော်တိတ်ဒေသခံတစ်ဦးကပြောပါတယ်။

နန့်သာကျေးရွာထဲမှာ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားတာ မတ်လ ၂၀ ကျော်ကတည်းကဖြစ်ပြီး လက်ရှိနန့်သာကျေးရွာနဲ့ မော်တတ်ကျေးရွာမှာ စစ်ကောင်စီတပ်တွေရှိနေတာကြောင့် အောင်းကုန်း၊နန့်သာ၊ တုံ့တော်၊ဘေပင်၊ အင်ပင်၊ မော်တိတ်၊ ကျွန်းတောစတဲ့ကျေးရွာနေပြည်သူတွေဟာတောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၂၃ မြို့နယ်ကို ၂၀၂၂ ခုနှစ် မတ်လ ထဲက ဖုန်းအင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့ပြီး သတင်းအမှောင်ချပြီးနောက် အင်တာနက်ဖြတ်တောက်ခံရတဲ့မြို့နယ်တွေထဲမှာ စစ်ကောင်စီရဲ့ အခုလို သတ်ဖြတ်ခံရမှုတွေ၊ညည်းပမ်းနှိမ့်စက်ခံရမှုတွေနဲ့ အခြားလူ့အခွင့် အရေးချိုးဖောက်ခံရမှုတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button