ပညာရေး

ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့စာသင်ကျောင်း စစ်တပ်ရဲ့ခြိမ်းခြောက်မှုကြောင့် ပြောင်းရွေ့လိုက်ရ

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ခြိမ်းခြောက်မှုကြောင့် တခြားနေရာကို ရွေ့ပြောင်းလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ လကုန်ပိုင်းကနေ ကျောင်းသားမိဘ၊ စေတနာ့ဝန်ထမ်း CDM ကျောင်းဆရာ/မ များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖွင့်လှစ်ထားတဲ့ ဟောင်းပါးကျေးရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီသတင်းပေးတိုင်ကြားသူများကြောင့် စစ်တပ်ဘက်က ခြိမ်းခြောက်လာတာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

”သူများကတိုင်လိုက်တာတိုင်တဲ့ အချိန်ကျတော့ ရပ်ရွာလူကြီးတွေကိုစစ်တပ်ကခေါ်သွားတယ် ရွာလူကြီးတွေလည်း ကိုယ့်ဘက်ကမဟုတ်တော့ NUG ကျောင်းဘာညာဆိုပြီးပြောလိုက်တာနေမှာ အဲ့ကျတော့အားလုံးရှုပ်ကုန်တာ ဆရာ ဆရာမတွေလည်း စိတ်ကမလုံမခြုံဖြစ်သွားတာ ကျောင်းကိုလည်းဗုံးလာကျဲမယ်ဖြစ်လာတော့ အားလုံးကကြောက်ကြတော့ကျွန်မတို့ပဲကျောင်းကိုရွေ့ပေးလိုက်တယ်တခြားနေရာကို”လို့ တာမခံကျေးရွာနေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဟောင်ပါးကိုယ်ထူကိုယ်ထကျောင်းဟာ KG တန်းကနေ (၁၀) တန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၂၀၀ ကျော်နဲ့ ဖွင့်လှစ်နေတဲ့ ကျောင်းဖြစ်ပြီး ကျောင်းဖွင့်ပြီး တလနီးပါးအကြာမှာတော့ ဒလံသတင်းပေးပို့မှုကြောင့် ခုလိုပြောင်းရွှေ့လိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ ပြောင်းရွှေ့လိုက်ရတဲ့ စာသင်ကျောင်းဆောင်ထပ်မံဆောက်လုပ်နေရပြီး ကျောင်းဆောင်အတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုတော့ ဒေသခံကျောင်းသားမိဘတွေက ကူညီပေးနေတဲ့အတွက် အခက်ခဲမရှိသော်လည်း ကျောင်းသုံးထိုင်ခုံနဲ့အခြားကျောင်းသုံးပရိဘောဂပစ္စည်းတွေတော့ စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုများကြောင့် သယ်ယူရန်ခက်ခဲနေကာ ကူညီထောက်ပံ့မှုအနည်းငယ်လို အပ်နေတယ်တယ်လို့လည်း ကျောင်းသားမိဘတွေကဆိုပါတယ်။

ဒါ့အပြင် လက်ရှိချိန်မှာ ကျောင်းဆောင်အတွက်ပြင်ဆင်မှုတွေလုပ်ဆောင်နေတာကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိသေးဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

”အဲ့မှာစာသင်တာ ၂ပတ်ရှိပြီ ကျွန်တို့ကတောင့် ခံထားမယ်ဆိုလည်း ဆရာဆရာမတွေနဲ့ ကလေးတွေကရှိသေးတော့ရွေ့လိုက်ရတယ် နောက်တစ်ရက် နှစ်ရက်ဆိုကျောင်းပြန်ဖွင့်နိုင်မှာပါ။ ”လို့ ဟောင်ပါးဒေသခံတစ်ဦးကပြောပါတယ်။ အခုလိုကျောင်းရွေ့လိုက်ရတဲ့အတွက် တက်ကျောင်းတဲ့ကျောင်းသားကျောင်းသူ လျော့နည်းမသွားတဲ့အပြင်  ပိုတိုးလာနိုင်တယ်လို့သိရပါတယ်။

ဟောင်ပါးကျေးရွာမှာ စစ်ကောင်စီလက်အောက်ဖွင့်ထားတဲ့ စာသင်ကျောင်းမှာ ပုံမှန်တွေဆိုတက်ရောက်တဲ့ကျောင်းသား၊သူ ၁၀၀၀ ဝန်းကျင်ရှိပေမယ့် ဒီနှစ်မှာတော့ အတန်း ၈တန်းထိသာ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသား၊သူ ၁၀၀ ဝန်းကျင်သာ တက်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြောင်းရွှေ့လိုက်ရတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာတော့ တက်ရောက်နေတဲ့ ကျောင်းသား၊သူ ၂၀၀ ဝန်းကျင်ရှိပြီး ကျောင်းအပ်နှံသူ ဆက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် ဟောင်းပါး၊ဆယ်ဇင်း တာမခံကျေးရွာတွေဟာ KIA ရင်း ၂၆ ဘက်ကျရောက်ပြီး KIA နဲ့PDF ထိန်းချုပ်မှုအားကောင်းတာကြောင့် ကချင်ပြည်နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ NUG စာသင်ကျောင်းတွေ ဖွင့်လှစ်ထားနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

Show More
Back to top button