ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပေမယ့် ကျောင်းတက်ရောက်တဲ့သူတဖြည်းဖြည်း လျှော့နည်းသွားတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် ဝိုင်းမော်မြို့ထဲမှာ အခြေံပညာစာသင်ကျောင်းတွေကို မေလ ၂၈ ရက်နေ့ကတည်းကနေ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၃ရက်နေ့မှာ ကျောင်းတက်ရောက်နေပြီဖြစ်ပါတယ်။
သို့သော် လတ်တလောမှာ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအခြေအနေပိုတင်းမာလာနေတဲ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာနဲ့ မြို့အနိီးမှာရှိတဲ့ ခတ်ချိုကျေးရွာတွေမှာ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးတာတွေ များလာတကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်တယ်လို့ ကျောင်းသားမိဘ တစ်ဦးက ခုလိုပြောပါတယ်။
“ကျောင်းကတော့ဖွင့်နေဆဲ ဒါပေမယ့် တချို့မိဘတွေကတော့ကြောက်လို့ မသွားအပ်ရဲတာမပို့တာဟုတ်တယ်။ သူတို့ဘက်က တရားဝင်ပိတ်တာမျိုးတော့မရှိသေးဘူး တက်တဲ့သူတွေကတော့ တော်တော်လျှော့သွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာတော့ ဝိုင်းမော်မြို့ ဒေသခံတစ်ချို့ကတော့ ပြီးခဲ့တဲ့ မေလကတည်းကနေ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကလေးတွေအနေနဲ့လည်း ကျောင်းတက်ဖို့အတွက်ခက်ခဲကြုံတွေ့နေရတယ်လို့. ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“ကလေးတွေ ကျောင်းတက်ဖို့အတွက်ကတော့ ဒီနှစ်ရဲ့အခြေအနေတွေကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ မသိသေးဘူး အခြေအနေလည်း အရမ်းမကောင်းတော့ ခက်ခဲတဲ့ အရာတွေကတော့ အများကြီးရှိနေတာပေါ့”လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့နယ် ဟာ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။
အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (၈၁) ကျောင်းနဲ့ မူလတန်းကျောင်း (ခွဲ) (၁၇) ကျောင်းရှိတယ်လို့ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
By – Hope