သတင်း

နမ်ဆန်ယန်မှာ စစ်တပ်ဘက်က စစ်အင်အားအလုံးအရင်းဖြည့်နေ

KIO ဗဟိုဌာနချုပ်အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာမှာ မနေ့ကမနက်ပိုင်းကနေစပြီးတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဒီမနက်ပိုင်းကနေစပြီး အင်အားအလုံးအရင်းထပ်ဖြည့်နေတယ်လို့ KIA  နဲ့နီးစပ်သူတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက် ၆နာရီဝန်းကျင်ကနေ စစ်ကားအစီးရေ ၁၀ စီးနဲ့ ဗန်းမော်ဘက်ကနေစစ်အင်အားထပ်မံဖြည့်တင်းလာပြီးတော့ မနက် ၉နာရီဝန်းကျင်ကနေ နမ်ဆန်ယန်ချောင်းကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြင်တွေ့ရတဲ့ နမ်ဆန်ယန်ရွ
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြင်တွေ့ရတဲ့ နမ်ဆန်ယန်ရွ

“မနေ့ညနေက ဗန်းမော်ဘက်က အရပ်ဝတ်နဲ့ကားတစ်စီးလာပို့ထားခဲ့တယ် ဒီမနက်အစောပိုင်းမှာတော့ စစ်ကားအစီး ၁၀ ဗန်းမော်ဘက်ကနေတက်လာတယ်လို့ သတင်းပို့လာတယ် ခုထိတော့ ပစ်လိုက်နားလိုက်ဖြစ်နေတယ်” လို့ပြောပါတယ်။

တိုက်ပွဲကြောင့် နမ်ဆန်ယန်ပြည်သူအချို့က မနေ့ကတည်းကနေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် စစ်တပ်ဘက်က စစ်အင်အားဖြည့်တင်းတာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်လာမယ်ဆိုရင် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့  KIO ဗဟိုဌာနချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ရန်သူဆိုတော့ ထိုးစစ်ဆင်တာ ဆက်တိုက်လုပ်လာရင် တိုက်ပွဲတော့ဖြစ်မှာပါ ဒါဘဲရှိမှာပါ တိုက်ပွဲတော့ဆက်ဖြစ်လာနိုင်တယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာအနီးမှာရှိတဲ့ ဒွမ်ဘန်ဘွမ်နဲ့ဘန်ဒေါင်လမ်းခွဲမှာ တပ်စွဲနေထိုင်ဖို့ကြိုးစားနေတာ အကြိမ်ကြိမ်ရှိလာပြီး ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ကနေ သိသိသာသာ စစ်ရေးလှုပ်ရှားလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် မြစ်ကြီးနား- ဗန်းမော်လမ်းဖြတ်သန်းသွားလာခွင့်ကို စစ်တပ်က တားမြစ်ထားကြောင်း ဒေသခံတွေကပြောပါတယ်။

နမ်ဆန်ယန်စစ်ရှောင်ပြည်သူတွေဟာ ၂၀၁၁ ခုနှစ် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာထွက်ပြေးတိမ်းရှောင်ကနေ ၂၀၁၈ ခုနှစ်မှာတော့ နေရပ်ပြန်လည်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

နေရပ်ပြန်နမ်ဆန်ယန်စစ်ရှောင်များ လုံခြုံစွာနေထိုင်နိုင်ဖို့ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့စလုံးက ကျေးရွာတွင်း၊ပြင် ဝင်ရောက်တပ်စွဲတာတွေမလုပ်ဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်ဟာ ဒီသဘောတူညီမှုကို ချိုးဖောက်ပြီး စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြင်တွေ့ရတဲ့ နမ်ဆန်ယန်ရွ
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြင်တွေ့ရတဲ့ နမ်ဆန်ယန်ရွ

ဒါ့အပြင် လက်ရှိနမ်ဆန်ယန်ကျေးရွာအနီးတစ်ဝိုက် စစ်ရေးတင်းမာနေတဲ့အတွက် လိုင်ဇာမြို့မှာနေထိုင်တဲ့အရပ်သားပြည်သူတွေအနေနဲ့ လုံခြုံရေးကိုအလေးနက်ထားပြီး သွားလာကြဖို့နဲ့ မလိုအပ်ပါက တိုက်ပွဲဖြစ်နေတဲ့နေရာတစ်ဝိုက်သွားလာတာ မပြုဖို့  KIO အစိုးရ လိုင်ဇာခရိုင်အုပ်ချုပ်ရေးဌာနကနေ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button