သတင်း

ရှဒူးဇွပ်တိုက်ပွဲတွင် နေအိမ်အများအပြားပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

ရှဒူးဇွပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်းဇင်းသန့် ပြည်သူ့စစ်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ်များ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ဒေသခံများ ထိခိုက်မှုရှိခဲ့သည်ဟုသိရသည်။

KIA ဘက်မှ စစ်အင်အား ၁၀၀ ကျော်ခန့်က ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်ရှိသည့် နေရာတွင် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် ၅ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောဆိုသည်။

“သူတို့ပစ်ကြတာက ၄ နာရီလောက်ကနေ ၉ နာရီအထိဟုတ်တယ်။ အခုဒေသခံတွေကကြောက်လို့အကုန်လုံးရွာထဲမှာပဲ ပုန်းနေကြတယ်။ ဘယ်သူမှ ထွက်လို့မရသေးဘူး။ သေနတ်သံတွေကငြိမ်သွားပြီး။ ဒါပေမယ့် ရွာထဲမှာက ပြည်သူ့စစ်တွေက ကားနဲ့လျှောက်ပတ်သွားနေသေးတယ်။ တစ်ရွာလုံးက တစ်မနက်လုံးဘာမှ မစားရသေးဘူး”ဟုပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂ ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုတွင် တစ်ရွာလုံးနီးပါးခန့်ရှိ ပြည်သူများ၏ နေအိမ်များအပြင် ဘုရားကျောင်းဝင်းနေရာများနှင့် ကျောင်းဆောင်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ပြည်သူများလည်း ကျည်ထိမှန်ဒဏ်ရာရရှိသူများရှိထားသည်ဟု သူကဆက်ဆိုသည်။

“နေအိမ်တွေလည်း လက်နက်ကြီးကျည်ထိလို့ ပျက်စီးသွားတာများကြီးပဲ။ ကျနော်တောင်မှ အသံကြားတာနဲ့ ထွက်ပြေးတာမြန်သွားလို့ တာမဟုတ်ရင် ထိသွားပြီ။ KBC ဘုရားကျောင်းဝင်းတွေလည်း လက်နက်ကြီး ထိလို့ ရုံးခန်းနေရာတွေ ပျက်စီးသွားတယ်။ ကျည်ထိလို့ ဒဏ်ရာရတဲ့သူတွေလည်းပါတယ် အခုက အားလုံးက မထွက်သေးလာသေးတော့ သေချာမသိရသေးဘူး”ဟုပြောဆိုသည်။

တိုက်ပွဲတွင် သေဆုံးသွားသည့် KIA တပ်သားတစ်ဦး၏ ရုပ်အလောင်းကို ပြည်သူ့စစ်ဘက်က ကားတစ်စီးဖြင့် ကြိုးချည်ဆွဲပြီး ရှဒူးဇွပ်ကျေးရွာအတွင်း အော်ဟစ် လှည့်ပတ်သွားလာနေကြောင်းလည်းဆက်သိရသည်။

ယနေ့ နံနက် ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး ဖုန်းလိုင်းတစ်ချို့ပြတ်တောက်ထားသည့်အတွက် သိရှိရန်ခက်ခဲနေဆဲဖြစ်ပြီး လက်နက်ကြီး ထိမှန်မှုကြောင့် ထိခိုက်သွားသည့် နေအိမ်များနှင့် ဒေသခံပြည်သူမျာ၏ အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိ ရှဒူးဇွပ် ကျေးရွာအပြင် အောင်ရာ၊ စံပြ စသည့်ကျေးရွာဒေသခံများက ပုန်းခိုကျင်းနေရာများတွင် ဆက်လက် ပုန်းရှောင်နေဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။

Show More

Related Articles

Back to top button