သတင်း

ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့် ပိတ်ထားသောကြောင့် ဆီပန့်ဆိုင်များဓာတ်ဆီပြတ်လပ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီတပ်က တစ်လနီးပါး ထပ်ပိတ်ထားတာကြောင့် လုံးခင်း၊ဆိုင်းတောင်တွေမှာရှိတဲ့ ဆီပန့်ဆိုင်ကြီးတွေဓာတ်ဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကတည်းက ဖားကန့်မြို့နယ်ထဲကို စက်သုံးဆီသယ်ယူခွင့်မကြာခနပိတ်ပင်လျက်ရှိပြီး ဒီတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းကပိတ်ထားခဲ့ရာကနေ တစ်လကျော်လာပြီဖြစ်တယ်လို့ ဖားကန့်မြို့ပေါ်က ဆီပန့်ဆိုင်ပိုင်ရှင်အမျိူးသမီးတစ်ဦးက အခုလိုပြောပါတယ်။

”ဟုတ်တယ်လတ်တလောဓာတ်ဆီဆိုင်ကဘယ်လိုမှ မဖွင့်နိုင်သေးဘူး အခုဖွင့်တာလည်း ဒီဇယ်လက်ကျန်ရှိတော့ ဒီဇယ်လေးကိုပဲ ရောင်းပေးနေတာ။ ဖွင့်ရောင်းပေးတော့ဘယ်လိုဖြစ်လဲဆိုတော့ ဓာတ်ဆီ 92 အဓိက ထားရောင်းတာလဲနော် အခြေခံလူတန်းစားတွေက ဒီဓာတ်ဆီပဲအခြေံ ဖြစ်နေတော့ ဒီ ဒီဇယ်ပဲဆိုတော့ သိပ်မရောင်းရဘူးအဲ့ကြောင့်မီးလာတဲ့အချိန်လောက်ပဲရောင်းပေးတော့တာ”လို့ ဆီပန့်ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

photo- ဖားကန်မြို့ပေါ်က ပိတ်ထားတဲ့ဆီဆိုင်တစ်ချို့
photo- ဖားကန်မြို့ပေါ်က ပိတ်ထားတဲ့ဆီဆိုင်တစ်ချို့

စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ထဲ စက်သုံးဆီဝင်ရောက်ခွင့်ကို ဇွန်လ ၁၃ ရက်နေ့ကရုတ်တရက် ပိတ်လိုက်ချလိုက်တာကြောင့် ဖားကန့်မြို့နယ်ထဲဝင်မယ့်ဆီကားတွေဟာ မိုးကောင်း ၈မိုင်ဂိတ်နဲ့ ဖားကန့် နန့်ယားဂိတ်တို့မှာ ပိတ်မိနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ မိုးကောင်း-ဖားကန့်လမ်းဟာ စစ်ဆင်ရေး နယ်မြေဖြစ်တာကြောင့် လမ်းခနပိတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်နေတာဖြစ်တယ်လို့လည်း ဆီဆိုင်အရောင်းဆိုင်တွေကဆက်ပြောပါတယ်။

စစ်ကောင်စီဟာဖားကန့်မြိုနယ်ကို စစ်ရေးအကြောင်းပြပြီး လမ်းပိတ်တယ်လို့ဆိုပေမယ့် စက်သုံးဆီကားတွေကလွဲပြီးတခြား ကုန်စည်တွေနဲ့ ခရီးသည်သွားလာခွင့်ကိုတော့ ပုံမှန် ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။

လက်ရှိဆီပန့်ဆိုင်ကြီးတွေ ပိတ်နေတာကြောင့် ဓာတ်ဆီဝယ်ယူလိုသူတွေမှာ အပြင်ပုလင်းချိန်ရောင်းချတဲ့ဆိုင်တွေမှာဝယ်ယူနေရပြီး အပြင်ပုလင်းချိန်ရောင်းတဲ့ ဆိုင်တွေမှာတော့ တစ်ပုလင်းကျပ် ၅၀၀၀ ပေးရပြီး တစ်ဂါလံ ကျပ် ၂သောင်းကျော်တယ်လို့သိရပါတယ်။

”ဆီတွေကလောလောဆယ် လမ်းမှာပိတ်တော့ ဆိုင်အသေးလေးတွေလက်လုပ်လက် စားလေးတွေပဲဖွင့်တယ်။ အပြင်မှာတော့ ၄၀၀၀ တို့ ၅၀၀၀ တို့ပေးဝယ်ရတယ် တစ်ပုလင်းကို”လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

photo- ဖားကန်မြို့ပေါ်က ပိတ်ထားတဲ့ဆီဆိုင်တစ်ချို့
photo- ဖားကန်မြို့ပေါ်က ပိတ်ထားတဲ့ဆီဆိုင်တစ်ချို့

ဖားကန့်မြို့နယ်မှာ အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက ဆီပန့်အရောင်းဆိုင် ၁၈ ဆိုင်ထိရှိပြီး ဆီဆိုင်များအားလုံး တရားဝင်လိုင်စင်လုပ်ပြီးရောင်းချနေတာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ လိုင်စင်ရှိပေမယ့် ဆီသယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်နေတာကြောင့် ဖားကန့်မြို့ပေါ်က ဆီဆိုင် ၁၀ ဆိုင်ထက်မနည်း ဆီပြတ်လပ်လာတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာ ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေကို ဂျက်လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူနဲ့KIA အရာရှိတွေ၊တပ်ဖွဲ့ဝင်တွေ သေဆုံးမှုများခဲ့တာကြောင့်နောက်ပိုင်းစစ်ရေးတင်မာမှုရှိလာလို့ စက်သုံးဆီသယ်ယူခွင့်ကိုစတင်ပိတ်ထားခဲ့တာဖြစ်ပါတယ်။

BY;WL

Show More

Related Articles

Back to top button