ဆောင်းပါးသတင်း

ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ

ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။

အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ဌက်တံတားရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က  ဒုတပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးသူများပြီး အထိနာသွားခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဟာ ရွှေကူအရှေ့ဘက်ခြမ်း ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“အစကတည်းကတော့ သူတို့ကာကွယ်ရေးတပ်တွေရှိတာသိလို့စစ်ကြောင်းထိုးလာတာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒီဘက်ကို ပိုဖိလာတယ်။ လေကြောင်းပါသုံးပြီး တိုက်ခိုက်လာခဲ့တာ စစ်ကြောင်းတွေကလည်း ဒီရွှေကူမှာ အထိုင်ချထားတဲ့တပ်တွေ မဟုတ်ဘူး အောက်ပိုင်းကတက်လာတဲ့ စစ်ကြောင်းတွေဘဲ“ လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ထဲက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မတ်လ ၂၄ ရက်ကနေ ဧပြီလ ၅ ရက်နေ့ထိ နှစ်ပတ်အတွင်း ရွှေကူအရှေ့ဘက်ခြမ်းကျေးရွာတွေကို စစ်တပ်ဘက်က လေယာဉ်နဲ့တိုက်ခိုက်မှု ၃ ကြိမ်အပြင် တပ်မ ၈၈ လက်အောက်ခံ စစ်ကြောင်းများမှ စီသောင်ရွာအနားတစ်ဝိုက် မြေပြင် စစ်ကြောင်းထိုးပြီး နေအိမ် မီးရှို့ခဲ့တာကြောင့် ကျေးရွာပေါင်း ၁၂ ရွာနဲ့ နေအိမ်ပေါင်း ၉၅၆ အိမ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က မြေပြင်ရော ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ကျေးရွာတွေကတော့  ပထမဆုံးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စီသောင်ကျေးရွာ နေအိမ် ၂၁၁ အိမ်၊ မံဝိန်းရွာ ၁၂၉ အိမ်၊ စီသာ ၁၀၀ ၊ မံနား ၄၇ ၊ တုံးကောက်၄၁ ၊ မံခါး ၃၅ ၊ စီမော်၁၁၁ ၊ ဟိန်ကောင် ၂၇ ၊ စီမူကြီး ၂၈ ၊ စီမူလေး ၆၀ ၊ နတ်လန် ၁၃၀ ၊ နောင်လတ်ကြီး ၃၇ တို့ဖြစ်ကြပြီးတော့ ဒီရွာတွေအားလုံးဟာ ရွာချင်းစပ်ဖြစ်တဲ့အတွက် ထိခိုက်နစ်နာမှုများစွာ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲဟာ မတ်လ ၂၃ ရက်နေ့ကနေ ဧပြီလအထိ ၁၁ ရက်နေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၉ ရက်ကြာဖြစ်ခဲ့တာပါ။ဒီတိုက်ခိုက်ခံရမှုဟာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နှိုင်းယှဉ်ထားတာမဟုတ်ဘဲ ကချင်ပြည်နယ်အတိုင်းတာကို ဖော်ပြနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ခရိုင် ၄ခုနဲ့ မြို့နယ် ၁၈မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ပြည်နယ်ဖြစ်ပြီး ဒီမြို့နယ် ၁၈ မြို့နယ်ထဲက ၂၀၂၁ ခုနှစ်နောက်ပိုင်း ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းဟာ တိုက်ခိုက်ခံရမှုအများဆုံးနဲ့ အရပ်သားပြည်သူ ထောင်နဲ့ချီပြီး အများဆုံးစစ်ရှောင်နေရတဲ့ အခြေနေတွေကို ဖော်ပြထားတာဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်အနေနဲ့ဘာကြောင့် ရွှေကူအရှေ့ဘက်ခြမ်းကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေလဲ။

Photo - စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (crd- shwegu pdf)
Photo – စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (Crd- Shwegu PDF)

စစ်ကိုင်း- ကချင်အစပ်မှာရှိတဲ့ ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းအောက် မိုင်အနည်းငယ်အကွာ လက်ဝဲဘက်ကမ်း ပေါ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ နယ်ချင်းစပ်နေပါတယ်။ စစ်တပ်အတွက် ရေကြောင်းရော၊ ကုန်းကြောင်းပါ အချက်အချာကျပြီး ဗျူဟာကျတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အဓိက ခိုအောင်းတဲ့နေရာဖြစ်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက ခုလို သုံးသပ်ပါတယ်။

“ဒီနေရာက နေရာသုံးနေရာဆုံတဲ့နေရာဖြစ်တယ် ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းနားမှာရှိတယ် စစ်တပ်ရဲ့ ရေကြောင်းခရီးစဉ်တွေကို ကိုအဓိက တိုက်ခိုက်နေတဲ့နေရာဖြစ်တယ် စစ်တပ်အတွက် ဗျူဟာကျတဲ့နေရာဖြစ်တယ်။ ပြီးတော့ သူတို့ကိုတိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်တွေ အဓိကနေတဲ့နေရာဖြစ်တယ်ဆိုပြီး သူတို့တွက်ဆထားလို့ဖြစ်တယ်”လို့ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကချင်ပြည်နယ်ဘက်ကို လက်နက်၊ ခဲယမ်းတင်ပို့ရာမှာ ဧရာဝတီမြစ်ကြောင်းကို အဓိက အားပြုလာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက် ဗန်းမောက်၊ ကသာ၊ မြို့လှ၊ ရွှေကူ စတဲ့နေရာဒေသက တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရွှေကူမြို့မ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှု၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေကို ရာထူးကနေ နုတ်ထွက်ဖို့ဆိုတဲ့ သတိပေးချက်တွေကို ထိထိရောက်ရောက်လုပ်ဆောင်နေတဲ့ ရွှေကူ ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နှင်းချင်တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒါ့ကြောင့် စစ်တပ်ဟာ ရွှေကူမြို့ရှေ့ဘက်ခြမ်း ကျေးရွာတွေကို ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ရွှေကူအရှေ့ဘက်ခြမ်းမှာရှိတဲ့ စီသောင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက  KNG ကို ပြောဆိုပါတယ်။

“ရွာကို မီးဝင်ရှို့တဲ့ချိန်ကတည်းက ဒီရွာတွေအားလုံး PDF ထောက်ပို့ရွာတွေဖြစ်တယ်ဆိုပြီး သူတို့က တမင်စစ်ကြောင်းထိုး နေတာ” လို့ ပြောပါတယ်။

လက်ရှိ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက ရွာပေါင်း ၁၂ ရွာကို စစ်ကောင်စီတပ်က လေယာဉ် နဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ထောင်ချီဟာ လက်ရှိချိန်ထိ တောတောင်တွေမှာ စစ်ရှောင်နေတာ ၄ လကျော်ရှိလာပြီ ဖြစ်ပါတယ်။

ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက် ရွှေကူ PDF တွေအနေနဲ့ ပြည်သူတွေကို ငဲ့ညှာပြီး အခုနောက်ပိုင်း စစ်ကောင်စီ စစ်ကြောင်းတွေကို မတိုက်ခိုက်ဘဲ လက်လွတ်လိုက်တဲ့အကြိမ်ရေ များစွာရှိလာပြီလို့ ရွှေကူ PDF တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“အစကတည်းက ကျနော်တို့က စစ်ကြောင်းဝင်လာပြီဆိုရင်တောင် ရွာမရောက်ခင် ကြားဖြတ်တိုက်တာတွေရှိတယ်။ ဒါပေမယ့် သူတို့က ဘာဖြစ်လာလဲဆိုရင် ရွာထဲကိုတစ်ခါတည်းရောချပစ်တာ အဲတော့ ခုနောက်ပိုင်းတော့ စစ်ကြောင်းထိုးလာရင်လည်း ပြည်သူတွေကို ညှာတဲ့အနေနဲ့ လုံးဝမဖြစ်မနေတိုက်ရမယ့်ဟာမျိုးမဟုတ်ရင် ရှောင်လိုက်တယ်” လို့ ပြောပါတယ်။

ရွှေကူအရှေ့ဘက်ခြမ်းက ဒေသခံပြည်သူတွေရဲ့အခြေနေ

Photo - စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (crd- shwegu pdf)
Photo – စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (Crd- Shwegu PDF)

စစ်တပ်ရဲ့မီးရှို့ထိုးစစ်ဆင်ခံရမှုကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ်များနဲ့ လယ်ထွန်း စက်များ၊ စပါးသိုက်များ၊ စပါးကြိတ်စက်များ မီးရှို့ဖျက်စီးခံရတဲ့အပြင် စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ တောတောင်တွေမှာ စစ်ဘေးရှောင်နေရတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေလည်း ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့လည်း ရွှေကူစစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူများဟာ မိုးတွင်းကာလရောက်လာတဲ့အမျှ ဌက်ဖျားရောဂါ၊သွေးလွန်တုပ်ကွေးဖျားနာလာသူများလာတဲ့အတွက် ဆေးဝါးထောက်ပံ့မှုတွေလိုအပ်သလို

သက်ကြီးရွယ်အို၊ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်း ဆေးဝါးအကူညီလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာလည်း ရွှေကူမြို့နယ်အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ဘိုကုန်းရွာနဲ့ ထင်းကားရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် ကချင်ပြည်နယ်တစ်ပြည်နယ် လုံးအတိုင်းတာအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေကူမြို့အရှေ့ဘက်ခြမ်းရွာတွေမှာ စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရမှု ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေကူအရှေ့ဘက်ခြမ်း ကျေးရွာဒေသခံတွေအတွက် နေရပ်ပြန်ပြီး အတည်တကျ ပြန်လည်ထူထောင်ရေးလုပ်ဖို့ဆိုတာ အလှမ်းဝေးနေသေးတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

By; ZM

Show More

Related Articles

Back to top button