သတင်း

ငါးပစ်ဂိမ်းဆိုင်ဓါးမြတိုက်ခံရပြီး ပြည်သူတစ်ဦးပစ်သတ်ခံရ


ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ၆ မှာရှိတဲ့ ကိုအောင်မင်းသန့်ရဲ့ ငါးပစ်ဂိမ်းဆိုင်မှာ အမည်မသိလူတစ်စု ဓါးမြဝင်တိုက်ပြီး ဂိမ်းဆော့နေတဲ့ ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်လို့ မှော်ဝမ်းရပ်ကွက်ကဒေသခံတွေဆီကနေ သိရပါတယ်။

ဒီမနက် ၃ နာရီဝန်းကျင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိလူငယ် ၆ ဦး ဆိုင်ကယ် ၃စီးနဲ့ဝင်ရောက်လာပြီးတော့ ဓါးမြဝင်တိုက်တာဖြစ်တယ်လို့ မှော်ဝမ်းဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“သူတို့မှာသေနတ်အတို ၃လက်ပါတယ် ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူး မျက်နှာမှာဖုံးထားကြတာလို့ သိရပါတယ်။ ပစ်သတ်ခံရတဲ့သူတွေကတော့ ဂိမ်းလာဆော့နေတဲ့သူဟုတ်တယ်” လို့ပြောပါတယ်။

ပစ်သတ်ခံရတဲ့သူဟာ အသက် ၄၃ နှစ်အရွယ် ကိုဇော်သိန်းဦးဆိုသူဖြစ်ပြီး မန္တလေးတိုင်း၊မတ္တရာဇာတိဖြစ်ကာ လက်ရှိဖားကန့် မှော်ဝမ်းရပ်ကွက်မှာ လာရောက်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်အရ ဓါးမြဝင်တိုက်သူတွေဟာ ဂိမ်းဆိုင်ထဲမှာရှိတဲ့ ဝန်ထမ်းတွေရဲ့လက်ဝတ်လက်စားအပြင် ဆိုင်မှာရှိတဲ့ပိုက်ဆံတွေလည်း ယူသွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ဝန်ထမ်းတွေရဲ့ဆွဲကြိုးတွေလည်း ဆွဲဖြုတ်သွားတယ် ပြီးတော့ ဂိမ်းဆိုင်မှာရှိတဲ့ပိုက်ဆံတွေ အကုန်လုံးယူသွားတယ်တဲ့” လို့ ပြောပါတယ်။

ဖားကန့်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မှု၊လူသေမှု ၊ခိုးဆိုးလုယက်မှုတွေအပြင် ပြန်ပေးဆွဲမှု၊ဓါးမြတိုက်ခံရမှုတွေက ဆက်တိုက်ဖြစ်လာနေတဲ့အတွက် ဖားကန့်နေပြည်သူတွေအတွက် လုံခြုံမှုမရှိတော့ဘူးလို့ ပြည်သူတွေကပြောပါတယ်။

KNG ကစုစည်းထားတဲ့ အချက်အလက်အရ ဖားကန့်မြို့ထဲမှာ ဇူလိုင်လ ၃ ရက်ကနေစပြီး ၁၈ ရက်နေ့ထိအကြောင်းအမျိုးမျိုးကြောင့်သတ်ဖြတ်ခံရတဲ့သူ ရှင်းရင်ဟိုတယ်ပိုင်ရှင်အပါအဝင် ၆ ဦးထိရှိလာပြီဖြစ်ပါတယ်။

BY-ZM

Show More

Related Articles

Back to top button