တိုက်ပွဲသတင်း

ခင်ဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့ မနက်ပိုင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဆေးရုံကနေစစ်ကောင်စီတပ်သား တစ်ချို့ ရေဦးခင်ဦး လမ်းမပေါ် ဗလီနားမှာ ရှိနေတဲ့အချိန်ကာကွယ်ရေးတပ်ဘက်က ကားနဲ့ဝင်စီးပြီးပစ်ခတ်ခဲ့တာလို့ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ကျနော်တို့ဘက်က အရင်ကတည်းက သူတို့တွေဘယ်နေရာမှာရှိတတ်တယ်ဆိုတာ စုံစမ်းပြီးမှ စစ်ဆင်ရေး လုပ်တာပေါ့ တိုက်ပွဲကတော့ ခနပါပဲ ၃မိနစ်လောက်ပဲ သူတို့ဘက်ကသုံးယောက်ကျတယ် အဲ့ဒီထဲက နှစ်ယောက် ဆီက သေနတ်နှစ်လက်ရခဲ့တယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း စက်လက်နက်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့သလို MA- 1 သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်ခံရမှုပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က မြို့တွင်းလုံခြုံရေးတင်းကြပ်မှု တွေ ပြုလုပ်နေပြီး လက်နက်ငယ်တွေ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒေသခံသေဆုံးတာတွေရှိတယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ပစ်ခံရပြီးတော့ သူတို့က စက်လက်နက်တွေနဲ့လည်း ဆွဲတယ် သူတို့ဘက်က ရမ်းသမ်းပစ်တော့ပြည်သူ တစ်ချို့ထိခိုက်တာရှိတယ် သေဆုံးတာတွေလည်းရှိတယ်ကြားတယ် ဒါပေမဲ့ မြို့ပေါ်မှာသူတို့က လုံခြုံရေး တင်းကြပ်ပြီး ကားတွေဆိုင်ကယ်တွေစစ်ဆေးတာတွေ မြို့ထဲကိုဘယ်သူမှမထွက်ရဘူးဆိုပြီး သေနတ်ဖောက် ကြေညာတာတွေရှိနေတော့ ပြည်သူအခြေနေအတိအကျကို အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ နဲ့ မင်းသိုက်မှာ တပ်စွဲထားတာ ၁ နှစ်ကျော်ကြာ မြှင့်နေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဘက်က မြို့တွင်းလုံခြုံရေးတင်းကြပ်တာ လက်နက်ကြီး လက်နက်ငယ်တွေရမ်းသမ်းပစ်ခတ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်းမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစလို့ မနေ့က အထိ စစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးနေလို့ ဒေသခံ ထောင်နဲ့ချီထွက်ပြေးခဲ့ရသလို စစ်ဘေးရှောင်အမျိုးသားတစ်ယောက်လည်းသေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

By – A Moe

Show More

Related Articles

Back to top button