ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ယင်းမာပင်မှာ အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲကုန်းရွာကို အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားတဲ့အချိန် အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် ၁၇ နှစ်အရွယ်ကျောင်းသားတွေဖြစ်တဲ့ မောင်သန့်ဇင်ဦး၊ မောင်ခန့်နေနိုင်၊ မောင်သန်းထိုက်အောင် နဲ့ အသက် ၃၀ ကျော်အရွယ် ကိုမောင်လင်း၊ ကိုဇော်မောင်နဲ့ ကိုဇော်သူတို့ဖြစ်တယ် လို့ သိရပါတယ်။

စစ်ကြောင်းရှင်းပြီဆိုပြီးဝင်လိုက်တာ အဲ့မှာ ပထမဆုံးအဖမ်းခံရတဲ့သူကို ဖုန်းဆက်ပြီးတော့ စစ်ကြောင်းရှင်းပြီ ဝင်ခဲ့တော့ဆိုပြီးပေါ့ အဲ့မှာ ၆ ယောက်အသတ်ခံလိုက်ရတာ ခေါင်းတွေမှပြားနေတာပဲ ခေါင်းတွေထု သတ်ခံရတဲ့ပုံစံ တစ်ယောက်ကတော့ ခေါင်းဖြတ်သတ်ဖြတ်ခံထားရတာ” လို့  သဲကုန်းရွာဒေသခံတစ်ယောက်ကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေပူးပေါင်းထားတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီး ဆားလင်းကြီးနယ်၊ ပုလဲနယ်နဲ့ ယင်းမာပင်နဲ့ပုလဲနယ်အစပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက စစ်ရေးလှုပ်ရှားနေတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၃ ရက်နေ့မှာလည်း ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကြောင်းဝင်ရောက်တဲ့ အချိန် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ပုလဲမြို့နယ် ညောင်ကုန်းရွာက ရပ်ကျေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ကိုလည်း ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါ သေးတယ်။

အဲ့ဒီစစ်ကြောင်းဟာ ကျားဘီလူးစစ်ကြောင်းလို့နာမည်ထွက်နေတဲ့ စစ်ကြောင်းဖြစ်ပြီး အဲ့ဒီစစ်ကြောင်းထဲမှာ ခလရ၇၁၊ ခမရ၇၀၂ နဲ့ ခမရ၇၀၈ တို့ပါဝင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဒီစစ်ကြောင်းနာမည်က ကျားဘီလူးစစ်ကြောင်းဟုတ်တယ် သူတို့က ပြည်သူတွေကိုကြောက်လန့်အောင် လုပ်နေတာပေါ့လေ ပြည်သူတွေကတော့ သူတို့ထင်ထားသလိုဖြစ်မလာဘူး ပြည်သူတွေက ပိုပြီးတောင် သူတို့အပေါ်နာကျည်းလာတယ် သူတို့ကြောက်လန့်အောင်လုပ်လို့လည်းကြောက်မသွားကြဘူးလို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်အနောက်ခြမ်း မြို့နဲ့ ၄ မိုင်အကွာလောက်က ရင်ပေါင်တိုင်ရွာ နဲ့ မြင်သာကုန်းရွာတွေမှာ စစ်ကြောင်းခွဲပြီး တပ်စွဲထားလို့ ဒေသခံသောင်းနဲ့ချီဘေးလွှတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သူတို့က စစ်ကြောင်းကို သုံးကြောင်းလောက်ခွဲပြီးလှုပ်ရှားတော့ တိမ်းရှောင်ရတာပိုများတယ် ပြီးရင် သူတို့က စစ်ကြောင်းပြန်ထွက်ပြီဆိုပြီး ဟန်ပြပြီးတော့ မထွက်ပဲကျန်နေတာတွေရှိတယ် ပြီးတော့ သဲကုန်း ဖြစ်စဥ်ကလည်းအဲ့လိုဖမ်းမိတော့ ဒေသခံတွေကမဝင်နိုင်ကြဘူး စစ်ကြောင်းအင်အားကလည်းများတော့ ထွက်ပြေးနေရတာ ၅သောင်းလောက်ရှိမယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အရပ်သားတွေသတ်ဖြတ်ခံခဲ့ရတဲ့ သဲကုန်းရွာဟာ အိမ်ခြေ ၁၀၀ ကျော် ရှိတဲ့ရွာဖြစ်ပြီး ယင်းမာပင်မြို့နဲ့ ၈ မိုင် လောက်အကွာအဝေးမှာရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား  သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button