သတင်း

မူဆယ် – လားရှိုးလမ်းမကြီးမှာ ငွေးကြေးတောင်းခံတဲ့ စစ်တပ်ဂိတ်တွေ ပိုများလာတဲ့အတွက် ကားသမားများအခက်တွေ့နေ

မူဆယ်လားရှိုးလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ မြို့၊ရွာ အဝင်အထွက် တိုင်း ဂိတ်ချပြီး ကားသမားတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စုပေါင်းပြီး မြို့အဝင်အထွက်တိုင်း နှစ်ဖက်လုံးမှာဂိတ်ချပြီး ခရီးသွားယဉ် ကားသမားတွေထံကနေ ငွေကြေးကောက်ခံနေတာဖြစ်ပြီး ဂိတ်တစ်ခုမှာ အနည်းဆုံး ၃ သောင်းနဲ့ ၅ သောင်းကြားပေးရတယ်လို့ ခရီးသွားပြည်သူတွေ ပြောပြချက်အရ သိရပါတယ်။

ကားသမားတွေက ဂိတ်မှာပေးဖို့ငွေ မလောက်တော့လို့ ကျမဆီကနေ ချည်းယူတယ်လေ။ ဂိတ်တစ်ခုမှာဆို သောင်း သောင်း အဲ့လို အတင်းအကြပ်တောင်းတာ။ မြို့၊ရွာ အဝင်အထွက် နှစ်ခုလုံးပဲ အဝင်လည်း ပေးရတယ်။ အထွက်လည်း ပေးရတယ်။ တော်တော်ဆိုးပြီးကို ကောက်နေတာ။” ဟု ခရီးသွားအမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကစပြီး ခရီးသည်တင်ကားတွေကို  အနည်းဆုံး ၃ သောင်း နဲ့ ၅ သောင်းကြားကောက်ခံတာနေတဲ့အပြင် ကုန်ကားကြီးတွေကိုတော့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သိန်းဂဏန်းထိတောင်းခံတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီလမ်းကြောတလျှောက် ငွေကောက်ခံတာတွေ ဆိုးရွားလာတာဖြစ်ပြီး ဂိတ်တစ်ခုနဲ့တစ်ခု ငွေကောက်ခံတာချင်းမတူဘူးသလို စစ်တပ်ဂိတ်သီးသန့်၊ ပြည်သူ့စစ်သီးသန့်၊ ရဲနဲ့ ယဉ်ထိန်းရဲသီးသန့် စသဖြင့ အဖွဲ့ ၃/၄ ဖွဲ့ထိုင်ပြီး ငွေကောက်နေတဲ့အပြင် စစ်တပ် ၊ပြည်သူ့စစ် နဲ့ ရဲ အဖွဲ့ ၃ ဖွဲ့လုံး ပူးပေါင်းပြီး စုပေါင်းတောင်းနေတဲ့ ဂိတ်တွေလည်း ရှိတယ်လို့ သိရတယ်။ 

အဲဒီထဲကအဓိက ပြည်သူ့စစ်အဖွဲ့တွေ အဆိုးဆုံးငွေကြေးကောက်ခံနေတာဖြစ်ပြီး ပိုက်ဆံမပေးနိုင်တဲ့သူတွေကိုတော့ ခြိမ်းခြောက်တာတွေ ပြုလုပ်ကာ ငွေကောက်ခံနေတယ်လို့ ပြောပါတယ်။ 

ထောင်ပဲ ပေးရင်လည်း ‘ငါတို့သုံးဖွဲ့ရှိတယ် မရဘူး တစ်ဖွဲ့ ထောင်လောက်ပေးခဲ့ တစ်ဖွဲ့ သောင်းပေးခဲ့’ ဆိုတာလည်းပါတယ်။ ‘မရဘူး တစ်ဖွဲ့ သောင်းပေးခဲ့’ ဆိုတာလည်းပါတယ်။ အရမ်းလွန်တယ်။ ကားသမားတွေကိုတောင် သနားတယ်။ ပြည်သူ့စစ်တွေဆို ပစ်သတ်ပလိုက်မယ် ပြောပြီးတောင်းတာ။” ဟု သူမကပြောပါတယ်။

အခုချိန် အဆိုးဆုံး ငွေကြေးကောက်ခံနေတဲ့ ဂိတ်တွေကတော့ ကွတ်ခိုင်တိုးဂိတ်၊ Asia World ဂိတ်၊ မန်ပိန်း သိန္နီ အဝင်အထွက်ဂိတ်၊ နောင်မွန်အဝင်အထွက်ဂိတ်၊ သီပေါအဝင်အထွက်ဂိတ် နဲ့ လားရှိုးအဝင်အထွက်ဂိတ်တွေဖြစ်ကြောင်း သိရပါတယ်။

မူဆယ်လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်  အပေါ်ယံအားဖြင့် ဂိတ်ပေါင်း (၅၀) ခန့်ရှိတယ်လို့ ခရီးသွားပြည်သူတွေပြောပါတယ်။ 

အခုလို ကားသမားတွေဆီကနေ စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ်တွေက ငွေကြေးအလွန်အကျွံကောက်ခံနေခြင်းကြောင့် ခရီးသွားပြည်သူတွေအတွက် ကားခ နဲ့ ကုန်စျေးနှုန်းတွေကအစ အားလုံးမြှင့်တက်သွားတာကြောင့် အခက်ကြုံနေရတယ်လို့ အခုလို ဆက်ပြောပါတယ်။

ကားသမားတွေဆီက ငွေတောင်းလေလေ၊ ကားသမားတွေကလည်း ဂိတ်မှာပေးရတဲ့ ပိုက်ဆံနဲ့ ဆီထည့်တာနဲ့ဆိုတော့ ဆီဖိုးတောင် မန္တလေးကနေ ကွတ်ခိုင်ကြား ၁သိန်း သောင်းဆို လောက်တယ်။ သူတို့ဂိတ်မှာပေးရတဲ့ငွေက သိန်း သိန်းလောက် ပါသွားလည်း တခါတလေ မလောက်တဲ့အချိန်လည်းရှိတယ်။ ဆိုတော့ ခရီးသွားတွေကလည်း အရင် ကားခ သောင်းလောက်ပဲ ပေးရပေမဲ့ အခုတော့ သောင်းအထက်ဖြစ်လာတယ်။ ခရီးသွားတွေ၊ ကုန်သည်တွေ ပိုပြီးခက်ခဲလာတာပေါ့။ ပြောမယ်ဆို ခရီးခဏတဖြုတ်သွားမယ်ဆိုလည်း တော်တော်ခက်ခဲသွားတာပေါ့။ ကားသမားတွေဆီ ငွေအရမ်းကောက်လို့ ရှမ်းမြောက် မူဆယ်ကွတ်ခိုင်လားရှိုးတကြော ကုန်စျေးနှုန်းတွေလည်း တော်တော်စျေးမြှင့်တက်သွားတယ်။ ကြက်သွန်နီ တစ်ပိသာတောင် ထောင်လောက် ရှိသွားပြီ။” ဟု ခရီးသွားအမျိုးသမီးက ဆက်ပြောပါတယ်။ 

မူဆယ်လားရှိုးလမ်းမကြီးတစ်လျှောက်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ငွေကြေးကောက်ခံတာတွေ ဆိုးဆိုးရွားရွားမရှိပေမယ့် တိုက်ပွဲစတင်ပြင်းထန်လာတဲ့ ဒီနှစ်ဇူလိုင်လကတည်းကစပြီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတွေထံကနေ အတင်းအကြပ်ငွေကြေးကောက်ခံတာတွ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းမြောက်ဘက်သာမက ကချင်ပြည်နယ် မြစ်ကြီးနားချီဖွေကားလမ်းမတစ်လျှောက်လည်း ဒီနှစ် ဇူလိုင်လကတည်းကစပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေက ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေထံ ငွေကြေးအလွန်အကျွံ ကောက်ခံနေတာကြောင့် ကုန်စျေးနှုန်းတွေမြင့်တက်ကာ မြို့နဲ့အလှမ်းဝေးတဲ့ ဒေသခံတွေ အခက်ကြုံနေကြောင်း သိရပါတယ်။

By – လုဒင့်

Show More

Related Articles

Back to top button