သတင်း

တိုက်ပွဲကျန် လက်နက်ကြီးကျည်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၃ ယောက်သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ဆော့ကစားရင်း ပေါက်ကွဲလို့ ကလေးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ ကလေးငယ် ၃ ယောက်ဟာ မုံးကိုးမြို့ ရပ်ကွက် ၆ ဘက်ကို နွားကျောင်းသွားတဲ့အချိန် မပေါက်ကွဲသေးပဲကျန်နေတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မနေ့ကနွားကျောင်းတဲ့လူငယ်ကလေး သုံးယောက် လက်နက်ကြီးကျည်တွေ့ပြီး လမ်းမှာဆော့ကစားတဲ့ချိန် ကျည်ကပေါက်ကွဲပြီး သုံးယောက်လုံးသေသွားတယ် တစ်ယောက်ကတော့ ကတော့ချက်ချင်း သေသွားတယ် နောက်နှစ်ယောက်ကတော့ တစ်နာရီလောက်အကြာမှာသေသွားတယ်လို့ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ကလေးငယ်တွေဟာ မောင်လထော်ဇော်မျိုးအောင် အသက် (၁၂) နှစ်၊ မောင် ဂျန်ဇီခွီး အသက် (၁၃) နှစ်၊ မောင်ဂျွမ်ဝူ ဒေါင်ခေါင် အသက် (၁၄) နှစ်တွေဖြစ်တယ်လို့ သိရ ပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ကတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် မုံးကိုး ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ ညီနောင်၃ ဖွဲ့ရဲ့ တိုက်ပွဲအတွင်းကျန်ရှိနေတဲ့ လက်နက်ကြီးဖြစ်နိုင်တယ် လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း မုံးကိုးဒေသမှာ စပါးရိတ်ရင်း အမျိုးသမီးတစ်ယောက် မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက်လုံးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။

မုံးကိုးဒေသမှာတော့ လွန်ခဲ့တဲ့ နိုဝင်ဘာလ လဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ကြား ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး မုန်းကိုး၊ ဖောင်းဆိုင်ဒေသအကုန်လုံးကို ကိုးကန့်တပ် များမှ တိုက်ခိုက်သိမ်းယူထားပြီးဖြစ်ပါတယ်။

ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေနဲ့ နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သား ၂ သိန်းကျော်အထိရှိလာပြီးတော့ အဲ့ဒီပမာဏဟာ ရှမ်းမြောက်စစ်ဆင် ရေးစတင်ပြီး နှစ်ပတ်အတွင်းတိုးလာတဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အရပ်သားတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button