ဆောင်းပါး

လီဆူမျိုးနွယ်စုဝင်တွေကို ရိုးတွင်းခြင်ဆီအထိ ဝါးမြိုဖို့ ကြိုးစားနေသူ

ကျနော်ကတော့ တစ်ခြားဒေသကိုရောက်နေတာ တစ်ပတ်လောက်ရှိသွားပြီ။ တစ်အိမ်တစ်ယောက် မလုပ်မနေရ အဲ့လို့ပြောနေတာ အဲ့တာကြောင့် ကျနော်လည်း ထွက်ပြေးလာတာ” လို့ဆိုလာသူက ဝိုင်းမော်မြို့ဒေသခံ လူငယ်တစ်ယောက်ပါ။

ဒါကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက လီဆူလူမျိုးတွေကို တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ စာထုတ်ပြန်ပြီးတဲ့နောက် ဖြစ်လာတဲ့အခြေနေပါ။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူမျိုးနွယ်စုဝင်တွေအားလုံးတစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်အဖြစ် ပါဝင်လာဖို့ နဲ့ နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်အထိ အမည်စာရင်း ထည့်သွင်းခြင်းမရှိရင် နိုဝင်ဘာလ ၂၃ ရက်မှာ နေအိမ်အထိ လာရောက်ခေါ်ယူမယ်လို့ ဆိုထားပါတယ်။

ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ အဲဒီထုတ်ပြန်ချက်ကိုပဲ ဝိုင်းမော်မြို့နယ်ထဲ လီဆူကျေးရွာတော်တော်များများရဲ့ နေအိမ်တွေအထိကို လိုက်လံအသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ပတ်သက်ပြီး ပြည်သူ့ စစ်ခေါင်းဆောင် ဦးရွှေမင်းကို KNG က မေးမြန်းရာမှာတော့ သူက အဓိကကတော့ သူ့ကျွန်မခံတန်းတူအခွင့်အရေးရဖို့၊ ဖိနှိပ်မှုကိုတွန်းလှန်ဖို့၊ လူမျိုးရေးဝါးမြိုမှုကို ကာကွယ်ဖို့၊ အခုကျနော်တို့ကို နှစ် ၆၀ ကျော် ဖိနှိပ်နေတဲ့ အဖွဲ့အစည်းကို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝှိုက်အားဖြင့် သော်လည်းကောင်း ပြန်ပြီးတော့ခုခံသွားနိုင်ဖို့ ဖြစ်တယ်

ဒါ့အပြင် ဦးရွှေမင်းဟာ လီဆူပြည်သူ့စစ်ဆိုပြီး ဖွဲ့စည်းဖို့အတွက် ကချင်ပြည်နယ်ထဲက လီဆူလူမျိုးတွေကို ရည်ရွယ်စုဆောင်းမှာဖြစ်ပြီး ပထမဆုံး ဝိုင်းမော်ဒေသက လီဆူအမျိုးသားတွေကို စုဆောင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး စတဲ့ မြို့နယ်တွေမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် လိုက်လံစုဆောင်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့ကြောင့်ပဲ ကချင်ပြည်နယ်ဝိုင်းမော်မြို့မှာရှိတဲ့ လီဆူကျေးရွာ အတော်များများက လူငယ်တွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတာ ထုနဲ့ဒေး ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို တိမ်းရှောင်ကြသူတွေဟာ ဝိုင်းမော်ဒေသမှာပဲမဟုတ်ပါဘူး၊ ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့က လီဆူလူငယ်တွေအထိကို ကူးစက်လာတာလို့ ပြည်ပရောက် လီဆူလူငယ်တစ်ယောက်က အခုလို ပြောပါတယ်။

ကျနော့သူငယ်ချင်းတစ်ချို့လည်း မန္တလေးရောက်တဲ့သူရောက်ကုန်ပြီ စိုးရိမ်တာပေါ့ဗျာ၊ သူတို့က လက်နက်နဲ့လေ ကဲအိမ်ထိလာခေါ်ပြီပဲထား ဘယ်လိုလွန်ဆန်မလဲ ကျနော်တို့မသိဘူးလေလို့ ပြောပါတယ်။

အခုလို ဦးရွှေမင်း ပြည်သူ့စစ်က လီဆူအမျိုးသားများ တစ်အိမ်တစ်ယောက်မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံဝှမ်းရော၊ ပြည်ပမှာနေထိုင်တဲ့ လီဆူလူမျိုးအများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

ကျနော်တို့ လီဆူလူမျိုးအတွက် သတင်းဆိုးတစ်ခုဟုတ်တယ်၊ လီဆူလူမျိုးတွေကို တနေရာရာမှာ ထိုးကျွေး ဖို့ ပြင်ဆင်ထားတာ၊ ဥပမာသူတစ်ယောက်ထဲသေရမှာကို မသေရဲလို့ သူနဲ့အတူလာပြီးအသေခံဖို့ အဲ့လို ဆွဲသွင်းတာလို့ပဲ ကျနော်ကတော့မြင်ပါတယ်” လို့ လီဆူအနုပညာရှင် ကိုယောတီဖာက ပြောပါတယ်။

ဒါ့အပြင် ဦးရွှေမင်းရဲ့အခုလုပ်ရပ်ဟာ လီဆူတစ်မျိုးသားလုံးအတွက်လို့ သူကဆိုပေမဲ့ တစ်ဖက်မှာ ဒီလုပ်ရပ်ဟာ ဆန္ဒမပါပဲစစ်သားစုဆောင်းတာ ဖြစ်တဲ့အတွက် လီဆူလူမျိုးစုအကြားဝေဖန်မှုမြှင့်တက်ခဲ့သလို သူ့ရဲ့ကိုယ်ကျိုးအတွက်သာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။

အတင်းအကြပ် ပြည်သူ့စစ်ဖွဲ့ဖို့ အမိန့်ထုတ်ပြန်တဲ့ ဦးရွှေမင်းကို အာဏာမသိမ်းခင် ၂၀၂၀ ရွေးကောက်ပွဲမှာ လီဆူလူမျိုးအများစု ထောက်ခံအားပေးခဲ့ပြီး လီဆူလူမျိုး အသိုင်းအဝိုင်းအကြား ဩဇာကြီးမားခဲ့တဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင်နှစ်တွေမှာတော့ လက်ရှိအာဏာသိမ်းစစ်တပ်ရဲ့ မဟာမိတ် ဦးဇခုန်တိမ်ယိန်း ဦးဆောင်တဲ့ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA-K မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ ဒူးလေးပါတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ချိန် ၂၀၁၅ ခုနှစ်မှာတော့ ဒူးလေးပါတီဟာ လီဆူတိုင်းရင်းသားတွေအများစုနေထိုင်တဲ့ ခေါင်လန်ဖူး နဲ့ ဆော့လော်မြို့တွေမှာ အမတ်နေရာလေးနေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ခေါင်လန်ဖူးမြို့နယ်က အမတ်နေရာ တစ်နေရာသာ အနိုင်ရခဲ့ပေမဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးရွှေမင်းတစ်ယောက် ရွေးကောက်ခံ ခဲ့ရပါတယ်။

ဒူးလေးပါတီဟာ စစ်ကောင်စီရဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့မဟာမိတ်အဖြစ်ရပ်တည်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကတည်းက ကေအိုင်အေ ကို အမြစ်ဖြတ်ချေမှုန်းရေး စစ်တပ်ကို ဆန္ဒပြတောင်းဆိုခဲ့ဖူးပါတယ်။

အခုလို တောင်းဆိုခဲ့တဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကိုတော့ စစ်တပ်ကလက်နက်တပ်ဆင်ပေးပြီး KIA တပ်ရင်း (နယ်မြေတွေမှာ အုပ်ချုပ်စေခဲ့တဲ့အပြင် ဆဒုံး– ဝိုင်းမော်လမ်းတစ်လျှောက်မှာ လီဆူပြည်သူ့ စစ်အင်အား များလာဖို့လုပ်ဆောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း ပါဝင်တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

တိုင်းရင်းသားမျိုးနွယ်အကြား တင်းမာမှုတွေရှိတာကိုသိတဲ့ စစ်ကောင်စီကတော့ ခေတ်အဆက်ဆက် တိုင်းရင်းသားမျိုးနွယ်စုတွေကြား သွေးခွဲမှုကို ကျင့်သုံးလာတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပါတယ်။

စစ်တပ်ဟာ သူတို့ရဲ့ရန်သူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထိထိရောက်ရောက်ထိခိုက်နိုင်မယ့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တဲ့ နည်းဗျူဟာတွေကို မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကတည်းက ထုတ်သုံးနေပြီးသားဖြစ်တယ်လို့ မြန်မာနိုင်ငံရေးကို နှစ်ပေါင်းများစွာ သတင်းသုံး သပ်ချက်များနဲ့ စာအုပ်ရေးလာခဲ့တဲ့  သတင်းစာဆရာ ဘာတေးလင့်တနာက ပြောပါတယ်။

အရင် မဆလ ခေတ်ကတည်းက ရှမ်းနဲ့ ကချင်ကြားက ပဋိပက္ခကို အခွင့်ကောင်းယူပြီး သုံးတယ်။ ခုနောက်ပိုင်းမှာတော့ ရှမ်းအပြင် လီဆူကို ထပ်သုံးလာတာတွေ့ရတယ်သို့ပေမဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဘုံရန်သူကိုတိုက်ထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကြောင့် တိုင်းရင်းသားမျိုးနွယ်စုတွေ အကြား စည်းလုံးမှုကို စတွေ့လာရပါတယ်။

အဲ့ဒီလို တိုင်းရင်းသားမျိုးနွယ်စုအကြား စည်းလုံးမှုနဲ့ ပူပေါင်းတိုက်ခိုက်မှုတွေကြောင့် အင်အားရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကျဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်အင်အားလိုအပ်ချက်ကို ဖြည့်တင်းဖို့ ဦးရွှေမင်းကိုအသုံးချပြီး အမိန့်ထုတ်တာဖြစ်တယ်လို့ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးအားတီယောဟန်က မှတ်ချက်ပြုပါတယ်။

အခုလက်ရှိ စစ်ကောင်စီမှာ စစ်အင်အားမရှိတော့ဘူး။ ဒါ့ကြောင့် စစ်ကောင်စီထောက်ခံတဲ့ ပါတီနိုင်ငံရေး ပြည်သူတစ်ချို့ကို မင်းအောင်လှိုင်အနေနဲ့ စစ်မှုမထမ်းမနေရဆိုတဲ့ လမ်းစဥ်ကို သူကကျင့်သုံးချင်တယ်။ ပြည်သူရဲ့တုံ့ပြန်မှုအဆိုးနဲ့အကောင်း ဘယ်လောက်ဖြစ်လာနိုင်လဲဆိုတာကို သုံးသပ်ချင်တဲ့အတွက်ကြောင့် မို့ ဦးရွှေမင်းကိုအသုံးချပြီးမှ ကျနော်တို့လီဆူတွေကို အစမ်းသပ်ခံအနေနဲ့ ဒီကိစ္စက စတင်လိုက်တယ်လို့ မြင်သလို တစ်နည်းအားဖြင့် လီဆူလူမျိုးတစ်မျိုးလုံးကို အထင်သေးပြီးမှ လုပ်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်

ဦးရွှေမင်းက လီဆူပြည်သူ့စစ်ဖွဲ့ဖို့ကြိုးစားတာဟာ လီဆူတစ်မျိုးသားလုံးအတွက် ဖြစ်သလို လီဆူလူမျိုးစုအပေါ် နှစ်ပေါင်းများစွာဖိနှပ်လာတဲ့ KIA ကိုလက်နက်ကိုင်ပြီးတွန်းလှန်သွားဖို့ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က KNG ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

အဲ့ဒီပြောဆိုချက်အပေါ် မြစ်ကြီးနားမှာ နေထိုင်တဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပါတယ်။

လီဆူအမျိုးသားရေးဖြစ်ဖြစ် ဘယ်အမျိုးသားရေးပဲဖြစ်ဖြစ် ဒီပြည်သူ့စစ်ဆိုတဲ့ ခေါင်းစည်းနဲ့ကတော့ အခက်အခဲကတော့ ကြုံလာမှာပဲ မလွဲမသွေ PDF အဖွဲ့နဲ့လည်း ထိပ်တိုက်ရင်ဆိုင်ရမယ့်အချိန်ဖြစ်နေတယ်။ ဒါပြီးရင် တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်ရမယ့်အပိုင်းတွေဖြစ်နေတယ်။ ဒါ့ကြောင့်လည်း ပြည်သူ့စစ်ဆိုတဲ့နေရာမှာ အမျိုးသားရေးပဲဖြစ်ဖြစ် ကိုယ်ကျိုးအတွက်ပဲဖြစ်ဖြစ် ဒီဟာက အခက်အခဲနဲ့ မလွဲမသွေကြုံလာရမယ့်အပိုင်းတွေ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကတည်းက ပြည်သူ့စစ်ကို အသုံးချလာခဲ့တာဖြစ်ပြီး အဲ့ဒီပြည်သူ့စစ်အဖွဲ့ဟာလည်း သူတို့အတွက် အသုံးတည့်ခဲ့ပေမဲ့ လက်ရှိအခြေနေမှာတော့ ပြည်သူ့စစ်တွေကို ပံ့ပိုးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း အဘက်ဘက်ကနေ ကျဆင်းလာနေတဲ့အတွက် ပြည်သူ့စစ်ရဲ့ အခန်း ကဏ္ဍက ပိုပြီး အခက်အခဲနဲ့ရင်ဆိုင်လာရမယ့်သဘောမျိုးရှိတယ်လို့ သူက ဆက်ဆိုပါတယ်။

ပြည်သူ့စစ်တွေကတော့ သူတို့ရဲ့လုံခြုံရေးကိုသူတို့ ဖြစ်ထွန်းအောင်လုပ်နေတဲ့ သဘောဖြစ်ပါတယ် ပြည်သူ့ စစ်ဟာ လူထုရဲ့လက်ထဲကို အပ်ရင်အပ် မအပ်ဘူးဆိုရင်တော့ ရေရှည်မှာအခက်အခဲနဲ့ရင်ဆိုင်ရမယ့် သဘော မျိုးဖြစ်ပါတယ် ဒါ့ကြောင့်မို့ပြည်သူ့စစ်တွေရဲ့ ဘဝဟာ အနာဂတ်အတွက် မလှပတဲ့အခြေနေမျိုး ဖြစ်တယ် လို့ ပဲပြောချင်ပါတယ်။” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

နိုင်ငံတစ်ဝှမ်း ကာကွယ်ရေးတပ်တွေ နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့်စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အင်အားကို အသုံးပြုလာရပါတယ်။ 

ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်းတို့လို နေရာတွေမှာတော့ ပျူစောထီးနဲ့ လူမိုက်ဂိုဏ်းတွေကိုလည်း စစ်ကောင်စီတပ်က အသုံးပြုလာတာ မြင်ရပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာ အရင်ကတည်းက စစ်ကောင်စီရဲ့ လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေအဖြစ် KIA ကနေခွဲထွက်လာတဲ့ ဦးဇခုန်တိမ်ယိန်း ဦးဆောင်တဲ့ NDA-K နယ်ခြားစောင့်တပ်ဖွဲ့၊  ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့၊ ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ နဲ့ တာလောကြီးဒေသ ပြည်သူ့စစ်အဖွဲ့တွေလို အဖွဲ့ပေါင်း ၃၀ ကျော်ရှိပါတယ်။

သို့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့၊ ဦးမင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ပိုပြီး အားကောင်းလာခဲ့ပါတယ်။ 

သမိုင်းတစ်လျှောက် စစ်တပ်ရဲ့ ဩဇာခံ၊ သစ္စာခံအဖြစ်နဲ့ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက် လွတ်လပ်မှု အတော်အသင့်ရခဲ့ပေမယ့် လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်း အကျင်းအောက် ပြည်သူ့စစ်တွေရဲ့အနာဂတ်ကို စောင့်ကြည့်ရမှာပါ။

တစ်ဖက်မှာတော့ ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူလူမျိုးစုတွေကို တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့မပူးပေါင်းဖို့ နဲ့ တိုင်းရင်းသားအင်အားစုတွေအကြား အဖုအထစ်တစ်ချို့ကို အခွင့်ကောင်းယူအသုံးချနေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာအောက် မရောက်ရဖို့၊ လက်ရှိဘုံရန်သူကိုတိုက်ထုတ်ရာမှာ လက်တွဲဖို့ လီဆူအနုပညာရှင်ကို ယောတီဖာက အခုလိုပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button