သတင်း

ဟုမ္မလင်းနယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ဆက်တိုက်လက်နက်ကြီးပစ်ခတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ရက် ဆက်တိုက်လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့တွင်းက အထိုင်တပ်တစ်ခုဖြစ်တဲ့ အမှတ် ၂၂၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ နောင်ဆန်းကျင်ကျေးရွာအုပ်စုဘက်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ နောင်ဆန်းရွာဒေသခံတစ်ဦးက KNGကိုပြောပါတယ်။

မနေ့က မနက် ၈နာရီလောက်ကနေစပစ်တာပဲ ချင်းတွင်းမြစ်ဟိုဘက်ကမ်း ကက်သာရွာရဲ့ နောက်ကြောဘက်က ရွာတွေဘက်ကိုပစ်နေတာ မနေ့ကတော့ ဇီးမင်သာရွာထဲမှာတစ်လုံးကျလို့ နေအိမ်တစ်လုံးလည်းမီးလောင်သွားတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ ဟုမ္မလင်းနဲ့ ၁၀ မိုင်ကျော်လောက်ဝေးတဲ့ နောင်ဆန်းကျင်ကျေးရွာ၊ ဇီးမင်သာရွာ၊ မယ်ဇလီကျေးရွာတွေဘက်ကိုတိုက်ပွဲမဖြစ်ပဲပစ်ခတ်နေတာဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လက်နက်ကြီး ၇ လုံးအထိပစ်ခတ်ခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့  မနက် ၉နာရီကနေ မွန်းလွဲ ၁နာရီအတွင်း နောက်ထပ် ၁၀ လုံး ထပ်ပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လက်နက်ကြီးတွေကတော့ကျွန်မတို့ခေါင်မိုးတွေပေါ်ကနေပဲ ဖြတ်သွားတာပါ့ မီးလုံးကြီးတွေပဲမြင်ရတယ်ဒီကနေ ပစ်လိုက်တဲ့ဟာက ခုပစ်လိုက်ရင်နောက် ၄၊၅၊ ၁၀ မိနစ်လောက်ကြာမှ ဟိုဘက်ကိုပေါက်ကွဲသံတွေကြားရတယ် အကျယ်ကြီးပဲ ကြားရတယ်လို့ ဟုမ္မလင်းမြို့နယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ် လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် နောင်ဆန်းကျင်ကျေးရွာအုပ်စုထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲနိုင်ခြေရှိတဲ့ကျေးရွာတွေနဲ့ လက်နက်ကြီးကျရောက်ခဲ့တဲ့ကျေးရွာနေပြည်သူတွေဟာ မနေ့မနက်ပိုင်းကတည်းက ဘေးလွတ်ရာကိုကြိုတင်တိမ်းရှောင်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိဟုမ္မလင်းမြို့နယ်ထဲကို ဖုန်းလိုင်းအချို့ဖြတ်တောက်ထားတာကြောင့် လက်နက်ကြီးပစ်ခတ်ခဲ့မှုရဲ့နောက်ဆက်တွဲအနေနဲ့ ဇီးမင်သာရွာထဲကလူ နေအိမ်တစ်လုံးမီးလောင်မှုကလွဲပြီး အခြား မြေပြင်သတင်းအချက်အလက်အပြည့်အစုံကိုသိရှိနိုင်ဖို့က်ခဲနေဆဲ ဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာတော့ SNAတပ်၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေကြား အောက်တို ဘာလ ကတည်းကနေ နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာ လဆန်းပိုင်းကနေတော့ နောင်ပိုအောင်နဲ့လွှစင်ကုန်းကျေးရွာဘက်တွေမှာ နှစ်ဖက်တိုက်ပွဲ ခပ်စိတ်ခိတ်ဖြစ်လာပြီးနောက် ကျေးရွာအများအပြားလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဟုမ္မလင်းနယ်ထဲက ရွှေပြည်အေးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button