သတင်း

မော်လူးရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၆ ဦးအရှင်ဖမ်းမိ

စစ်ကိုင်း– ကချင်အစပ် အင်းတော်မြို့နယ်ထဲက မော်လူးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား၆ ဦးလည်း အရှင်ဖမ်းမိထားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မော်လူးမြို့ မြမင်္ဂလာရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲနှင့်စစ်သားတွေပူးပေါင်းတပ်ထိုင်တဲ့မော်လူးရဲစခန်းကို ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ မနက် ၂နာရီအချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကျောင်းသားတပ် (ABSDF)နဲ့ အင်းတော်PDF တပ်တွေပူးပေါင်းသိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးများတဲ့အပြင် စစ်သား  ဦးလည်း အရှင်ဖမ်းမိထားတယ်လို့ အင်းတော်PDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

ဒီနေ့မနက် ၂နာရီကနေစဝင်တိုက်တာ စခန်းကိုတော့ မနက် ၇ နာရီမှသိမ်းပြီးတယ်။ စခန်းကိုတော့မီးတွေနဲ့ရှို့ထားလိုက်တယ်။ စစ်ကောင်စီတပ်သားသေတာလည်း များတယ် နောက်ပြီး စစ်သား ၆ ယောက်က အရှင်ဖမ်းမိထားတယ် သူတို့ကိုတော့သုံ့ပန်းအနေနဲ့ထားထားတယ်လို့ ပြောပါတယ်။

မော်လူးရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း  ဦးဖမ်းဆီးထားတဲ့အပြင် လက်နက်ခဲယမ်းအများအပြား ရရှိထားပြီး တစ်ချို့စစ်သားနဲ့ရဲတွေထွက်ပြေးသွားတာတွေလည်းရှိတယ်လို့ သိရပါတယ်။

အခုဒီဘက်ကနေနယ်မြေရှင်းလင်းရေးလုပ်နေတုန်းမို့ အခြေအနေအသေးစိတ်မိသရသေးဘူး။ တချို့ကထွက်ပြေးသွားတယ်။ လက်နက်ခဲယမ်းတွေလည်းအများကြီးရထားတယ်လို့အထက်ဖော်ပြပါအင်းတော် PDF တာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီရဲစခန်းကိုစခန်းသိမ်းတိုက်ပွဲမဆင်နွှဲမှီ တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ချအညံ့ခံကြဖို့ အသိပေးခဲ့ပေမယ့် လက်နက်ချအညံ့မခံတာကြောင့်အခုလိုတက်သိမ်းလိုက်တာလို့သိရပါတယ်။

စခန်းသိမ်းအပြီး ၇နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ မော်လူးမြို့ကိုဗုံးသီး ၂လုံးကျဲချကာ လေယာဥ်ပေါ်ကနေလည်း စက်သေနတ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မော်လူးမြို့ပေါ်ပြည်သူတွေကတော့ မနက် ၅နာရီခွဲလောက်ကတည်းကနေ မြို့ကိုစွန့်ခွာထွက်ပြေးသွားကြတာကြောင့် စစ်ကောင်စီဗုံးကျဲမှုကြောင့် အရပ်သားထိခိုက်မှုနည်းခဲ့ပေမယ့် ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး တော့လက်နက်ကြီးစထိမှန်ပြီးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button