သတင်း

ပုလဲမြို့နယ် ယာယီတရားရုံးကို ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅ ယောက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ယာယီတရားရုံးကို ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအနီးတစ်ဝှိုက်တိုက်ပွဲဖြစ်ပွားတာမရှိသလို နောက်ထပ် အရပ်သား ၅ ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲသွားတာ ပေါင်၂၀၀ ဗုံးလို့ ခန့်မှန်းကြတာပဲ စုစုပေါင်း ၅ ယောက်သေဆုံးသွား တယ် ကလေးတစ်ယောက်ပါတယ် ဒဏ်ရာရတာတွေလည်းရှိတယ် ယာယီရုံးပေါ့ နယ်ထဲက လာရောက် တိုင်ကြားတဲ့သူတွေကို ဖြေရှင်းဖို့ ယာယီရုံးစိုက်ထားတာပေါ့ လို့ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ ၂၇ နှစ်အရွယ် တရားရေးတာဝန်ခံ ကိုပေါပြည့်အောင်၊ အသက် ၂၂ နှစ်ခန့်အရွယ် စေတနာ့ဝန်ထမ်းဆရာမတစ်ယောက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် နဲ့ ၁ နှစ်ကျော်အရွယ် ကလေးသယ်နဲ့ မိခင်ဖြစ်သူတို့သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ မင်းတိုင်ပင်ရွာအနီး စစ်ကောင်စီရဲ့ စစ်ကြောင်းလည်းမရှိသလို တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိပဲ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သတင်းပေးကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

သူတို့က အတိအကျနဲ့လာပစ်တာပါပဲ တိုက်ပွဲဖြစ်တာလည်း လုံးဝမရှိဘူး စစ်ကြောင်းကလည်း အဲ့မှာ မဟုတ်ဘူး ဖြစ်တဲ့နေရာနဲ့အဝေးကြီး အဓိကကတော့ စစ်တပ်က ပြည်သူ့အုပ်ချုပ်ရေးတွေ တရားစီရင်ရေး တွေကို လည်ပတ်မှာကို သေလောက်အောင်ကြောက်တာ ဒါ့ကြောင့် ပြည်သူကိုပါကြောက်အောင်လုပ် လိုက်တာ စစ်ကောင်စီရဲ့ ဘာမဆိုလုပ်ရဲတယ်ဆိုတာကိုပြသွားတာ လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကဆိုပါတယ်။

ဒါ့ကြောင့် လက်ရှိဖြစ်ပွားခဲ့တဲ့ အခြေနေကို သင်ခန်းစာယူပြီး အခုလိုတရားစီရင်ရေးရုံးတွေနဲ့ တစ်ခြားသော သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးရုံးတွေဟာ တသမတ်တည်းမရှိသင့်ပဲ ရွေ့လျားရုံးအဖြစ်ရှိသင့်တယ်လို့ သူကသုံးသပ်ပါတယ်။

မင်းတိုင်ပင်ရွာဟာ ပုလဲမြို့နယ်အနောက်ဖက် ၈ မိုင်အကွာလောက်မှာရှိတဲ့ကျေးရွာဖြစ်တယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကတော့ ပုလဲမြို့ပေါ်က မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ကာကွယ်ရေးတပ် တွေဘက်က တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button