သတင်း

မြစ်ကြီးနားမြို့မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းစွန့်ပစ်ထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်ခုတွေ့ခဲ့ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီ ပိုင်ရှင်မဲ့အလောင်းကို ဒီဇင်ဘာ ၁၂ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ကြက်ပေါင်ခြံရပ်ကွက် မြစ်ဆိပ်အနီးကားတွေဖြတ်တဲ့လမ်းမှာ  လာရောက်စွန့်ပစ်ထား တာဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီးဟာ အသက် ၂၀ ကျော်အရွယ်လို့ခန့်မှန်းလို့ရပေမယ့် မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာ ရရှိထားတဲ့ဒဏ်ရာကြောင့် ဘယ်သူဘယ်ဝါဘာလူမျိုးဖြစ်ကြောင်းကိုတော့ သေချာမသိလိုက်ရဘူးလို့ သူကခုလိုပြောပါတယ်။

ဒီမနက်လောက်ကပေါ့ ကြက်ပေါင်ခြံလမ်းမှာ ဒီအတိုင်းဘဲ လာပစ်ထားတာ ကားနဲ့ ကြိတ်သတ်ထားပြီးမှ လာပစ်ထားတဲ့ ပုံစံဟုတ်တယ် မျက်နှာနဲ့ ခါးကို တော့ ကားနဲ့ကြိတ်ထားတဲ့ ဒဏ်ရာဖြစ်နေတယ် အဲနေရာမှာ တိုက်တာတော့မဟုတ်ဘူး တစ်နေရာရာ မှ ဖြစ်ပြီး လာပစ်ထားတာဟုတ်တယ်လို့ သူကပြောပါတယ်။

ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအသင်းတွေက မြစ်ကြီးနားဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်လိုက်ပြီလို့သိရပြီး လက်ရှိချိန်ထိ သေဆုံးသူနဲ့သက်ဆိုင်တဲ့ မိသားစုဝင်တွေကိုတော့ စုံစမ်းသိရှိခြင်းမရှိသေးဘူး လို့သိရပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့မိသားစုနဲ့ကျူးလွန်တဲ့တရားခံတွေကိုလည်း ရဲတွေဆက်လက်စုံစမ်း နေတယ်လို့ ကြက်ပေါင်ခြံရပ်ကွက်မှာနေသူတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ် ကျော်ဖြစ်ပွားခဲ့ပြီးယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄ ဦးထက် မနည်းရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်မှုကြောင့် ယာဉ်တိုက်မှု နဲ့ တခြားမတော်တဆမှုတွေ ဖြစ်ပွားပါကဆက်သွယ်ရန် အခက်အခဲတွေရှိ နေတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေသိရပါတယ်။

By – Hope

Show More

Related Articles

Back to top button