ကောလင်းမြို့မဈေးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်ထပ်မံသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က ကောလင်းမြို့မဈေးထဲကို ဇန်နဝါရီလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။
ဝန်းသိုမြို့နယ်က ခမရ ၁၂၀ တပ်ရင်းကနေ ကောလင်းမြို့ပေါ် နဲ့ ကောလင်းမြို့မဈေးထဲကို ဟောင်ဝစ်ဇာ လက်နက်ကြီးအမျိုးအစားနဲ့ မနက် ၉ နာရီဝန်းကျင်ကနေ ၉ နာရီခွဲလောက်အထိ ၆ လုံးတိတိ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
“ဒီကနေ့မနက်တော့လက်နက်ကြီးနဲ့၆ကြိမ်ပစ်တယ် ပစ်တဲ့အချိန် မှာ မြို့ထဲကိုကျတယ် တစ်လုံးကတော့ မြို့မဈေးထဲကျတယ် အဲ့မှာက များသောအားဖြင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည် နဲ့ သားငါးသည်တွေ ကြားထဲကိုကျတာဖြစ်တဲ့အတွက် အမျိုးသမီးကြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် လူစည်ကားတဲ့မြို့မဈေးထဲကိုကျတာဖြစ်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၇ ယောက်လောက် ဒဏ်ရာရခဲ့ပြီးတော့ ထိခိုက်သေဆုံးသူတွေရဲ့အသေးစိတ်အခြေနေနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကိုတော့စစ်ကောင်စီတပ်ဘက်က ပြန်လည် တိုက်ခိုက်ဖို့ဝန်းသိုမြို့နယ်ဘက်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာတွေလည်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“ ဝန်းသိုမြို့ထဲက စကစတပ်တွေဖြစ်တဲ့ စကစတပ်တွေဖြစ်တဲ့ ၁၁၁ နဲ့ ၁၂၀ တပ်ရင်းတွေကနေ အဲ့မှာရှိတဲ့ ပျူတွေနဲ့ပေါင်းပြီးတော့ ကောလင်းမြို့ဘက်ကိုထိုးတာပါ ကောလင်းမြို့နဲ့တော့ အနည်းဆုံး ၅ မိုင် အများ ဆုံး ၇ မိုင်လောက်ဝေးပါတယ် သူတို့ဘက်ကတော့ ကောလင်းမြို့ကိုပြန်တိုက်ဖို့အတွက် ကြိုးစားတဲ့အနေ အထား ရှိပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကောလင်းမြို့နယ်ဘက်က အရပ်သားတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဂရုပြုနေထိုင်ကြဖို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ကလည်း ဝန်းသို့မြို့နယ်ဘက်ကနေ ကောလင်းမြို့နယ် ထဲကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ကလေးငယ်နှစ်ယောက်အပါအဝင် အရပ်သား ၄ ယောက်အထိသေဆုံးခဲ့ပါသေးတယ်။
ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကို ထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။
By – အမိုး