သတင်း

ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို စစ်တပ်ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာရော၊ Mi 35 အပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီကသိရပါတယ်။

ဒီကနေ့ မွန်းလွှဲပိုင်း ၂ နာရီလောက်မှာ ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ ၄ စီးအပါအဝင် Mi 35 ပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိ သူတစ်ယောက်ကပြောပါတယ်။

ဂျက်လေယာဥ်က ၄ စင်း အကြိမ်ရေကတော့တော်တော်များတယ် Mi 35 တွေပါပါတယ်။ လောလော ဆယ် ထိခိုက်မှုက တိရစ္ဆာန်တွေတော့တော်တော်များများသေတယ် လူကတော့ အခုထိအတည် မပြုနိုင် သေးဘူး ထိခိုက်မှုရှိမရှိကို နေအိမ်တွေကတော့ ၂ လုံးလောက်ပျက်ဆီးတယ်လို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ထုံးကြီးရွာအပြင် အဲ့ဒီအနီးနားက အောက်သဖန်း ထောင့်ရွာ၊ မြိုင်သာယာရွာနဲ့ ဘန့်ဘွေးကုန်း စတဲ့ကျေးရွာတွေပါ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကသာမြို့နယ်ကို ဝေဟင်ရော မြေပြင်ကနေပါ တိုက်ခိုက်မှုတွေ လုပ်နေပြီးတော့ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေပါ ထိခိုက်သေဆုံးတာတွေရှိနေတာဖြစ်ပါ တယ်။

မြေပြင်ရောဝေဟင်ရောသုံးနေတာဗျ ကျနော်ထင်တာတော့ ကျနော်တို့လမ်းကြောင်းတွေကို ပတ်ဆို့ ဖြတ်တောက်တာမျိုးပေါ့ ဘာမှတောင် ထိတွေ့မှုမရှိဘဲနဲ့ အသားလွတ်လာလုပ်နေတာကိုကြည့်ရတာ ထောက်ပို့လမ်းကြောင်းလို့သူတို့ထင်ပုံရတယ် အောက်ကလည်း ပစ်ဝင်ဝင်တယ် လေကြောင်းကနေ လမ်းရှင်းပေးတယ်လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ကသာမြို့နယ် မိုးတားလေး ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့လှPDF ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက်သေဆုံးခဲ့ပါတယ်။

ဒီကနေ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်ထုံးကြီးရွာနဲ့ မိုးတားလေးရွာကတော့ ၇ မိုင်လောက်ပဲ ကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကသာမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အရပ်သားနှစ်ယောက်အပါ အဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ယောက်အထိ သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button