သတင်း

တခက်၊ခလုံး ရွာဘက်မှာ ညဘက်ထွက်တဲ့သူတွေကိုဖမ်းဆီးရိုက်နှက်မယ်လို့ စစ်တပ်ကခြိမ်းခြောက်ထား

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲထဲက ကျေးရွာတစ်ချို့မှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေတဲ့အပြင် ညဘက်ထွက်သူတွေကို ဖမ်းဆီးရိုက်နှက်မယ်လို့ စစ်တပ်က ပြောဆိုထားတယ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရှင်ဗွေယန်မြို့နယ်ခွဲထဲက မြို့အနီးဝန်းကျင်တွေမှာရှိတဲ့ တခက်၊ခလုံး၊ ခလုံးရေဆိပ်နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ စစ်တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်ကစပြီး စစ်ရေးလှုပ်ရှားနေတဲ့အပြင် ညဘက်အပြင်ထွက်သူတွေကို ဖမ်းဆီး၊ရိုက်နက်တာမျိုး လုပ်မယ်လို့ပြောဆိုထားတယ်လို့ ခလုံးကျေးရွာနေအသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

လတ်တလောက ဒီမှာက KIA ဘက်ကလည်းရှိနေသလို စစ်ကောင်စီတပ်တွေဘက်ကလည်း စစ်ရေးလှုပ်ရှားနေတော့ သူတို့မပစ်ကြမခတ်ကြတာလောက်ပဲရှိတယ်။ အခြေအနေကတော့ဆိုးတယ် ညဆိုအပြင်တောင်ထွက်လို့မရဘူး ၆ နာရီကနေအပြင်မထွက်ခိုင်းဘူး။ဘယ်ကိုပဲသွားသွား ၆ နာရီမထိုးခင်အိမ်ပြန်လာရတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာ လက်ရှိစစ်ကောင်စီတပ်ရှိတဲ့နေရာတွေဟာ ရှင်ဗွေယန်မြို့အထိုင်တပ်၊ ခလုံးရေဆိပ်အထိုင်တပ်နဲ့ တလူးအထိုင်တပ်တွေရှိတာဖြစ်ပြီး ခလုံး၊တခက်စတဲ့ကျေးရွာဘက်မှတော့ ရှင်ဗွေယန်အထိုင်တပ်နဲ့ ခလုံးရေဆိပ်အထိုင်တပ်တွေစစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့သိရပါတယ်။

လောလောဆယ်ထိ ဖမ်းဆီးခံရတာတွေတော့မရှိသေးဘူး ဒါပေမယ့် လွန်ခဲ့တဲ့ ၂ရက်လောက်က ရွာထဲမှာ ညဘက်ထွက်လို့ရိုက်ခံရတာရှိတယ်ပြောတယ် ဘယ်သူလည်းတော့မသိဘူး သူတို့လည်းပြောထားတယ် ညမထွက်ရ ည ၆ နာရီနောက်ပိုင်းထွက်တဲ့လူတွေ့ရင်ရိုက်မယ်နက်မယ်ပေါ့ အဲ့လိုတော့ပြောထားတယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

ခလုံး၊တခက်၊တလူးရွာတွေဟာ တနိုင်းရှင်ဗွေယန်လီဒိုကားလမ်းပိုင်းမှာရှိတာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတွေကိုစစ်ဆေးမေးမြန်းတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

ရှင်ဗွေယန်မြို့နယ်ခွဲထဲက တလူးကျေးရွာဘက်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ KIAတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း အခုလိုစစ်ရေးလှုပ်ရှားလာနေတာလို့ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button