ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ စီတာပူရပ်ကွက် နယ်မြေ ၃ မှာရှိတဲ့နေအိမ်တစ်လုံးဟာ အိမ်ရဲ့အောက်ထပ်မှာတွဲရပ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ရာကနေ မီးလောင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဆိုပါတယ်။
မီးစလောင်တဲ့ချိန်ဟာ ၄ နာရီ ၄၈ မိနစ်ဝန်းကျင်ကနေ စလောင်တာဖြစ်ပေမယ့် မီးသတ်ကားကတော့ ၅နာရီ ၂၀ မိနစ်ရောက်လာပြီး မနက် ၆ နာရီလောက်မှာ အပြီးသတ်မီးငြိမ်းနိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်နေအိမ်တွေမှာ ကူးစက်လောင်ကျွမ်းတာတွေမရှိဘူးလို့ သိရပါတယ်။
ကုန်စုံဆိုင်တွဲရပ်ဖွင့်ထားတဲ့ နေအိမ်မီးလောင်သွားပေမယ့် မိသားစုဝင်တွေကတော့ အချိန်မှီထွက်ခွာနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူကတော့မရှိဘူးလို့ သူကခုလိုဆိုပါတယ်။
“လူတွေကတော့ အချိန်မှီရှောင်ခဲ့နိုင်လို့ ဘာမဖြစ်ဘူး အိမ်ကတော့ အကုန်ပါသွားတယ် တိုင်ဘဲကျန်တော့တယ်”လို့ သူကဆိုပါတယ်။
မြစ်ကြီးနား မြို့ ရပ်ဘူရပ်ကွက်မှာ ၂၀၂၃ ဒီဇင်ဘာလ ၂၀ရက်နေ့ကလည်း မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄လုံးမီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
By – Hope