သတင်း

သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးစတင်မယ်လို့ PSLF/TNLA ဥက္ကဌဒုတိယ ဗိုလ်မှူးကြီး တားအိုက်ဘုန်းပြော

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးတားအိုက်ဘုန်းကပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ရဲ့ ၆၁ နှစ်မြောက် ဂုဏ်ပြုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေသခံတိုင်းရင်းသားလူမျိုးမခွဲခြားပဲ မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်ပေါ်အခြေခံပြီး တရားမျှတမှုရှိတဲ့ ဥပဒေတွေရေးဆွဲပြဌာန်းပြီးတော့ လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ ပူးပေါင်းဖော်ဆောင်သွားမှာဖြစ်တယ်လို့ အဲ့ဒီဂုဏ်ပြုမိန့်ခွန်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။

တအာင်းတပ်မတော် TNLA ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာပဲ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့ နဲ့ ကွတ်ခိုင်မြို့ စတဲ့ မြို့နယ်ပေါင်း ၇ ခုကို သိမ်းပိုက် ထားတာဖြစ်ပါတယ်။

မိန့်ခွန်းထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သူတို့အလိုကျဖန်တီးနေတဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အပြန်အလှန်လေးစားမှု အသိအမှတ် ပြုမှုတွေနဲ့ စုစည်းညီညွမှဓတွေနဲ့ လက်တွဲဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာ ရှင်စန်စအမြစ်ပြတ်ရေး နဲ့ မိမိဒေသကိုပိုပြီးထိန်းချုပ်နိုင်ဖို့အတွက် စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်သူ တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောထားပါတယ်။

တစ်ဖက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အကြား တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲအတွင်း နှစ်ဖက် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရသွားပြီ ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သူတွေကတစ်ဆင့်သိရတယ်လို့ဆိုပြီး သတင်းဌာနတွေမှာ ကျယ်ကျယ် ပြန့်ပြန့်ရေးသားနေကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button