ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို
မရန်ကထောင် ဂိတ်မှာ အမျိုးသား ၃ ယောက်ဖမ်းဆီးခံရ
မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနေ့မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား– ဖားကန့်သွားလမ်း လီဒိုလမ်းမကြီးပေါ်ရှိ မရမ်ကထောင်ဂိတ်မှာ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် ၃၆ နှစ် အမျိုးသားတစ်ဦးကို ကားပေါ်ကနေ အတင်းအဓမ္မဆွဲချသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ခရီးသည်တစ်ယောက်က ပြောပါတယ်။
“ကားသမားတောင် ဘာမှမမေးရဲဘူး မိုးကောင်းကနေတက်ခဲ့တာဆိုတာဘဲ သိရတယ်။ ကားပေါ်မှာဆုံကြတာဘဲဆိုတော့ ဘယ်ကလဲ ဘာလူမျိုးလဲ မသိလိုက်ရဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နဲ့ မိုးညှင်းမြို့ဘက်ကနေ ဖားကန့်ဘက်တက်လာတဲ့ ခရီးသွားပြည်သူများကို ဒီရက်ပိုင်းလမ်းခရီးတစ်လျှောက် စစ်တပ်ဂိတ်၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့စစ်တွေက ပေါ်ပေါ်တင်တင် တပ်သားစုဆောင်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိထား သွားလာကြဖို့ လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှ သွားဖို့ ပြောချင်ပါတယ်။ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး။ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ အားကောင်းတဲ့ဘက်က ဆွဲနေပါတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်”လို့ပြောပါတယ်။
မြစ်ကြီးနားနဲ့မိုးကောင်းမြို့ကနေ ဖားကန့်မြို့ကို လာရာလမ်း လီဒိုလမ်းမကြီးပေါ်မှာ မရမ်ကထောင်ဂိတ်၊ ကားမိုင်းဂိတ်၊ နန့်ယားဂိတ်၊ လုံးခင်းယမ်းချက်ဂိတ်တို့ကိုဖြတ်ရတာဖြစ်ပြီး နန့်ယားနဲ့လုံးခင်းယမ်းချက်အကြားရှိ နန့်တိန်းဂိတ်စခန်းကို KIA/KPDF များက သိမ်းယူပြီးဖြစ်တဲ့အတွက် စစ်ကောင်စီဂိတ်မရှိတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဟိုပင်နဲ့မိုးညှင်းမြို့ကနေ ဖားကန့်မြို့သွားဖို့ဆိုရင် နမ့်မွန်းတောင်ပေါ်ဂိတ်၊ အင်းတော်ကြီးဘေးမဲ့တောရပ်ဝန်းရှိ လုံးတုံဂိတ်၊ ဝှေလုံတောင်ခြေဂိတ်တို့ကိုဖြတ်ပြီး လာရတာဖြစ်ပြီး လက်ရှိချိန် စစ်တပ်ဂိတ်နေရာအားလုံးနီးပါး စစ်ဆေးမေးမြန်းတာအပြင် အမျိုးသားတစ်ချို့ ဖမ်းဆီးခံရတာ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့လည်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် ဖမ်းဆီးခံရသူတွေဟာ လမ်းခုလတ်နဲ့ မြို့ပြင်ဂိတ်တွေမှာသာဖြစ်တဲ့အတွက် မည်သူမည်ဝါဖမ်းဆီးရတယ်ဆိုတဲ့ အမည်နာမအသေးစိတ်ကိုတော့ တိတိကျကျ သိဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
မြစ်ကြီးနား– ဖားကန့်သွားလမ်းမှာရှိတဲ့ နန့်တိန်းစခန်းအပါအဝင် ဆိပ်မူနဲ့ ၆ မိုင်ခန့်သာဝေးတဲ့ ဝှေခါဗျူဟာကုန်းကို KIA/Kဆိပ်PDF ဒီနှစ်အစောပိုင်းမှာ သိမ်းယူထားတဲ့အတွက် အဲဒီနေရာနှစ်ခုမှာတော့ စစ်တပ်စစ်ဆေးရေးဂိတ်မရှိတော့ဘူးလို့ သိရပါတယ်။
By – ဇမီ