ကျောင်းမှာ ငွေကြေးကောက်ခံမှုတွေကြောင့် မိဘတစ်ချို့ အခက်တွေ့နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စာသင်ကျောင်းတချို့မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေကြေးကောက်ခံနေတာကြောင့် ကျောင်းသားမိဘတချို့ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့က စာသင်ကျောင်းတချို့မှာ စာသင်ခန်းရှေ့ တပ်ဆင်မယ့် Grade 1၊ Grade 2 စတဲ့ အတန်းအမည်ဆိုင်းဘုတ်အတွက် ကျောင်းသားတစ်ဦး ၅၀၀ ကျပ်၊ စာသင်ခန်းသုံး အမှိုက်ပုံး၊ တံမြက်စည်း၊ စားပွဲခင်း၊ ပန်းအိုး စတာတွေအတွက် ၃,၀၀၀ ကျပ်၊ အပတ်စဉ် အသင်းအလိုက် အတန်းပန်းအိုးထိုးဖို့ ၃,၀၀၀ ကျပ်စီ ကောက်ခံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အတန်းတွင်းပစ္စည်း မေ့ကျန်ခဲ့ရင် ပစ္စည်းတစ်ခုကို ၅၀၀ ကျပ်၊ ၃ လပတ်စာမေးပွဲ မေးခွန်းစာရွက်အတွက် ၃,၀၀၀ ကျပ်နဲ့ လစဉ်အောင်လက်မှတ် (MRC) ကတ်အတွက် ၁,၀၀၀ ကျပ်စီ ကောက်ခံနေတယ်လို့ သိရပါတယ်။
နောက်ထပ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ ပါဝင်မယ့် ကျောင်းသားတွေကို ကျွေးမွေးဖို့ ၁,၀၀၀ ကျပ်နဲ့ ဆိုကရေးတီးပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေအတွက် လိုအပ်တာတွေ ပံ့ပိုးဖို့ ၁,၀၀၀ ကျပ်စီ ကောက်ခံတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အခုလို အထွေထွေငွေကြေးကောက်ခံမှုတွေ များလာတာကြောင့် လက်လုပ်လက်စား မိသားစုတွေနဲ့ တစ်အိမ်တည်းမှာ ကျောင်းသားအများကြီးရှိတဲ့ မိသားစုတွေအတွက် ပိုပြီး အခက်အခဲ ဖြစ်လာတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“လက်လုပ်လက်စားက များစွာရှိနေလို့ အင်မတန်မှ အခက်တွေ့နေရပါတယ်။ မိဘတွေ နင့်နေအောင် ပေးနေကြရတဲ့ အခကြေးငွေတွေကို သက်ဆိုင်သူတွေ သိပြီး ကူညီဖြေရှင်းပေးစေချင်လို့ တင်ပြလိုက်ရတာပါ” လို့ ဆိုပါတယ်။
ဒါ့အပြင် အချို့အတန်းပိုင်ဆရာ၊ ဆရာမတွေရဲ့ မွေးနေ့အတွက် ကျွေးမွေးဖို့ ကျောင်းသားတစ်ဦး ၅,၀၀၀ ကျပ်၊ ကျောင်းပြောင်းလက်မှတ် ဒါမှမဟုတ် မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာတစ်စောင်အတွက် ၅,၀၀၀ ကျပ်စီ ပေးရပြီး မပေးရင် ထောက်ခံစာ မပေးတာမျိုး ရှိတယ်လို့ သိရပါတယ်။
နောက်ထပ် အလယ်တန်းကျောင်းသားတွေအတွက် ကျူရှင်ကြေး ၅၀,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်အထိ ပေးနေရသလို မူလတန်းကျောင်းသားတွေအတွက် အာဟာရကျွေးမွေးဖို့ဆိုပြီး ကျပ် ၂၅၀,၀၀၀ အထိ တောင်းခံတာမျိုးလည်း ရှိတယ်လို့ နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“ကျွန်မက ငွေကြေးမတတ်နိုင်တဲ့ မိဘပါရှင်။ အာဟာရ မကျွေးမနေရဆိုတော့ အိမ်မှာတောင် စားဖို့အနိုင်နိုင်ပါ။ မကျွေးနိုင်လို့ ညှိတာမရဘူးတဲ့။ ကလေးတွေကို အမျိုးမျိုးတောင်းပါတယ်။ မရရင် အပြစ်ပေးတာမျိုး လုပ်ပါတယ်” လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ ထုတ်ပြန်ချက်မှာ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံရာကနေ မည်သည့်ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်နဲ့ ဆောင်ရွက်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းဆိုင်ရာ တရားဝင်ညွှန်ကြားချက်တွေမှာလည်း မည်သည့်အခကြေးငွေမျှ မကောက်ခံရန်၊ ဆရာ/ဆရာမတွေက ငွေကြေး ဒါမှမဟုတ် လက်ဆောင် မယူရန်နဲ့ အခြားပစ္စည်းတွေ ရောင်းချတာ မလုပ်ရန် သတ်မှတ်ထားပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေး စတဲ့ အခကြေးငွေတွေ မကောက်ခံရန် သတ်မှတ်ထားသလို ကျောင်းတံဆိပ်နဲ့ အတန်းတံဆိပ်တွေကိုလည်း ရောင်းချတာ မလုပ်ရန် ဖော်ပြထားပါတယ်။
အခုလို သတ်မှတ်ချက်တွေ ရှိနေပေမယ့် ငွေကြေးကောက်ခံမှုတွေ ကြုံနေရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက စိစစ်ပြီး ကျောင်းသားမိဘတွေအတွက် အဆင်ပြေအောင် ဖြေရှင်းပေးဖို့ မိဘတချို့က တောင်းဆိုနေကြပါတယ်။
By – Hope



