ကောင့်ဂျာယန်တိုက်ပွဲမှာ စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်
ဗန်းမော်က စုန်ဆင်းလာတဲ့ စစ်သင်္ဘောပစ်ခတ်ခံရပြီး သေဆုံးမှုများ
ဗန်းမော်မြို့ကို စစ်သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်ဘက်မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်သွားတဲ့အထိ ထိခိုက်မှုများခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။
စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ ဗန်းမော် ခလရ ၄၇ တပ်ရင်းက ထွက်လာတဲ့ စစ်ကြောင်းတွေဟာ KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ကောင့်ဂျာယန်ဘက်ကို စက်တင်ဘာ ၁၃ ရက်မှာ ဝင်ရောက်လာချိန် KIA ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။
“ကောင့်ဂျာယန်ဘက်ကို ဝင်လာတဲ့ စစ်ကြောင်းအားလုံး ပြုတ်သွားပြီ။ ဂျရီချောင်းဘက်ကနေ စက်လှေအသေးတွေနဲ့ ဝင်လာတာဟုတ်တယ်။ ကောင့်ဂျာယန်ထဲရောက်တော့ ကျနော်တို့တွေ ပိတ်ဆို့ပြီး တိုက်တာ စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားတယ်။ တချို့က ခလရ ၄၇ တပ်ရင်းထဲကနေ ထွက်လာကြတာ၊ တချို့က စက်လှေအသေးတွေနဲ့ ထွက်လာကြတာ” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဂျရီချောင်း (Jari Hka) ဘက် ရေလမ်းကြောင်း လုံခြုံရေးရယူဖို့ စစ်ရေးလှုပ်ရှားလာတာဖြစ်ပြီး ကောင့်ဂျာယန်ဘက် ဝင်ရောက်လာချိန် KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်အင်အား ၁၀၀ ကျော် သေဆုံးခဲ့ပြီး တချို့တပ်သားတွေကတော့ ကံကြီးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
အဲဒီလို စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်ဘက် စစ်ကြောင်းထိုးလာတာဟာ ဗန်းမော်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘောတွေနဲ့လည်း ဆက်စပ်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ရွှေကူအထက်ပိုင်း စင်းခန်းကျေးရွာတစ်လျှောက် ပြင်းပြင်းထန်ထန် ပစ်ခတ်ခံခဲ့ရတဲ့ စစ်သင်္ဘောအုပ်စု ၁၄ စီးခန့်ထဲက ၇ စီးခန့်ဟာ စက်တင်ဘာ ၄ ရက်မှာ ဗန်းမော်မြို့ကို ရောက်ရှိသွားခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်သင်္ဘောတွေ ဗန်းမော်ကို ရောက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ စတင်လာတာလို့ ဆိုပါတယ်။
ဗန်းမော်ဘက်ကို စစ်လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်ပြီးနောက် ရွှေကူဘက်ကို စုန်ဆင်းလာတဲ့ စစ်သင်္ဘောတချို့ကိုလည်း KIA ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း စစ်သင်္ဘော ၅ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်မှာ ဗန်းမော်ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၆ စီးကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စာဝတီးနဲ့ မြလယ်ရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ၄ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာလည်း ဗန်းမော်ဘက်ကနေ ထပ်မံစုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီးကို ဇင်းဘုံရွာအနီး ရောက်လာချိန်မှာ KIA ပူးပေါင်းတပ်တွေက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောပစ်ခတ်ခံရတဲ့အခြေအနေကို သိရှိထားတဲ့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက “ဟုတ်တယ်။ မနေ့က ကျော်တက်သွားနိုင်တဲ့ စစ်သင်္ဘောတွေဖြစ်တယ်။ ဇင်းဘုံအရောက်မှာ ပြန်ပြီး ပစ်ခတ်ခံရတာ။ ဒီမနက် တစ်စီးထပ်ပစ်ခတ်ခံရတယ်။ အဲဒီထဲမှာ ဗျူဟာမှူးတစ်ဦးလည်း ပါတယ်လို့ ကြားတယ်။ လူချိန်းဖို့ ပါလာတာ။ ပြီးရင် ဗန်းမော်မှာ နှစ်ရှည်ရှိနေတဲ့ တပ်သားတချို့လည်း စစ်သင်္ဘောမှာ ပါလာတယ်လို့ ပြောတယ်။ စီးလာတဲ့သင်္ဘော ပစ်ခတ်ခံရတော့ သေတဲ့သူတွေက ရေထဲခုန်ချတဲ့သူတွေက ခုန်ချ၊ ဖမ်းဆီးခံရတဲ့သူတွေလည်းပါတယ်” လို့ ပြောပါတယ်။
အဲဒီသတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရ ဇင်းဘုံကျေးရွာအနီး ပစ်ခတ်ခံရတဲ့ စစ်သင်္ဘောပေါ်မှာ ဗန်းမော်မြို့မှာ နှစ်ရှည်တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတချို့ကို တပ်ချိန်းဖို့ ခေါ်ဆောင်လာတာဖြစ်ပြီး ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးသူ များခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ နှစ်ရက်အတွင်း ဗန်းမော်ဘက်ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၅ စီးထက်မနည်း ပစ်ခတ်ခံရတာနဲ့ ကောင့်ဂျာယန်ဘက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုလုံးနီးပါး ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများတဲ့အခြေနေနဲံပတ်သက်ပြီး သတင်းတွေကို KIO ကို မေးမြန်းထားပေမယ့် ဆက်သွယ်လို့မရရှိသေးတာလည်းဖြစ်ပါတယ်။
ဩဂုတ် ၂၁ ရက်ကစပြီး မန္တလေးကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုတွေ ကချင်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၊ အထူးသဖြင့် ရွှေကူအထက်ပိုင်းမှာ KIA ပူးပေါင်းတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်မှုတွေ ခံခဲ့ရတာကြောင့် စစ်သင်္ဘောတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ လက်ရှိအချိန်အထိ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘော အစီး ၂၀ ဝန်းကျင်ရှိလာပြီလို့ ဆိုပေမယ့် အရေအတွက်နဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကို KNG က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
By – နော်ထွယ့်(ဟူးကောင့်)




