ခေါင်လန်ဖူးဒေသမှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲ
ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသမှာ စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မှတ်တိုင် ၃၀ နဲ့ အမတ်ပေါ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေက စစ်ကြောင်းထိုးနေပြီး မှတ်တိုင် ၃၁ နဲ့ နီးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်တွေဘက်က မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးပစ်ခတ်တာနဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
“သူတို့ဘက်က ထိုးစစ်ဆင်နေတုန်းဗျ။ သူတို့ရှိနေတဲ့ မှတ်တိုင် ၃၁ နဲ့ တဖြေးဖြေးနီးလာတော့ အပြင်းအထန် ထိုးစစ်ဆင်နေတာ။ ဒီရက်ပိုင်းမှာ ပုံမှန်ထိတွေ့မှုရှိနေတယ်။ တခါတလေ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဒီနှစ် ဇွန်လလောက်ကစပြီး KIA ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ် လန်ဆယ်ရွာဘက်ကနေ ခေါင်လန်ဖူးဘက်ကို ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်ရှိမှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ဌာနချုပ်ရှိတဲ့ မှတ်တိုင် ၃၁ အနီးအထိ ရောက်လာတယ်လို့ သိရပါတယ်။
လက်ရှိ မှတ်တိုင် ၃၀ နဲ့ ၃၁ ကြား၊ အမတ်ပေါ်ကျေးရွာ အနောက်ဘက်တဝိုက်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာတွေထဲ ဝင်ရောက်တပ်စွဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းဗုံးချတာတွေကြောင့် အမတ်ပေါ်ကျေးရွာအပါအဝင် မှတ်တိုင် ၃၀ အနီးက ကျေးရွာငယ်တွေက ပြည်သူတွေဟာ ပြီးခဲ့တဲ့လတွေကတည်းက ပူတာအိုဘက်ကို စစ်ဘေးရှောင်လာကြပါတယ်။
ပူတာအိုမှာလည်း ခေါင်လန်ဖူးက စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိနေပြီး တချို့က ဆွေမျိုးတွေနဲ့ ရပ်ကွက်တွေထဲမှာ နေထိုင်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမယ့် အိမ်စောင့်အဖြစ်ကျန်ခဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ရှေ့တန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ယူဖို့ အရပ်သားတွေကို အတင်းအဓမ္မ ခေါ်ယူပြီး ရှေ့တန်းအထိ ပို့ဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မှတ်တိုင် ၃၀ နဲ့ အမတ်ပေါ်ကျေးရွာဟာ မှတ်တိုင် ၃၁၊ ရှိန်းခေါင်နဲ့ ခေါင်လန်ဖူးမြို့ဘက်ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတာကြောင့် စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ဒီနေရာကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ စစ်ကောင်စီနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေဟာ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လာဟီဆင်နဲ့ လန်ဆယ်ဘက်ကို ခေါင်လန်ဖူး–လန်ဆယ်လမ်းကနေ ထိုးစစ်ဆင်ခဲ့ပေမယ့် ဇွန်လလောက်ကစပြီး လာဟီဆင်ဘက် ထိုးစစ်ကို ရပ်ပြီး မှတ်တိုင် ၃၀ ဘက်ကို အဓိက ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေကလည်း ၂၀၂၄ ခုနှစ်မှာ လန်ဆယ်ရွာနဲ့ လာဟီဆင်စခန်းကုန်းတွေကို သိမ်းပိုက်ပြီး ခေါင်လန်ဖူး–လန်ဆယ်–ချီဖွေလမ်းပိုင်းကို ထိန်းချုပ်ထားသလို လက်ရှိမှာ ရှိန်းခေါင်–ခေါင်လန်ဖူး လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးဒေသဟာ မြန်မာ–တရုတ်နယ်စပ်နဲ့ နီးတဲ့ဒေသဖြစ်ပြီး ပူတာအို၊ ချီဖွေနဲ့ ဆော့လော်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ကစပြီး ကချင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး လန်ဆယ်နဲ့ လာဟီဆင်ဘက်က စခန်းတွေကို သိမ်းပိုက်ထားပါတယ်။
လက်ရှိမှာတော့ ခေါင်လန်ဖူးဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ် နှစ်ဖက်တပ်အကြားထိုးစစ်အရှိန်မြင့်လာတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာလည်းဖြစ်ပါတယ်။
By – Zaw Zaw




