အမျိုးသမီးတစ်ဦး ဓာတ်လှေကားစက် ချို့ယွင်းမှုကြောင့် ခြေထောက်ပြင်းထန်ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဓာတ်လှေကားစက် ချို့ယွင်းမှုကြောင့် တံခါးနဲ့ ညှပ်မိပြီး ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ အေးစေတီရပ်ကွက်၊ ယခင်အဝိုင်းပတ်ကြီးရှိတဲ့နေရာအနီးက အရုပ်ဆိုင်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် အရုပ်ဆိုင်ဝန်ထမ်း အမျိုးသမီးဟာ ပစ္စည်းသွားယူဖို့ ဓာတ်လှေကားစီးချိန်မှာ ဓာတ်လှေကားတံခါးနဲ့ ညှပ်မိခဲ့တာလို့ လူနာကို ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

ဓာတ်လှေကားမှာ ညှပ်မိတာတဲ့။ ဆိုင်ကဝန်ထမ်းတွေ၊ သူ့သူငယ်ချင်းတွေ ပြောတာ။ ဓာတ်လှေကားနဲ့ ပစ္စည်းတက်ယူရင်း ဖြစ်တာတဲ့လို့ သူက ပြောပါတယ်။

မတော်တဆမှု ဖြစ်ခဲ့တဲ့ ဓာတ်လှေကားဟာ လူစီးဓာတ်လှေကားမဟုတ်ဘဲ အပေါ်ထပ်ကို ပစ္စည်းအတင်အချလုပ်ဖို့ အသုံးပြုတဲ့ ဓာတ်လှေကားဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာတွေ တွေ့ရပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကို ဖြစ်ဖြစ်ချင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းတွေက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ခြေထောက်အရိုးတချို့ ကျိုးပြီး ကြေမွသွားတဲ့အထိ ဒဏ်ရာပြင်းထန်တာကြောင့် ဆရာဝန်တွေက စစ်ဆေးကုသပေးနေတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

ခြေထောက်က အရိုးတချို့ ကျိုးပြီး ကြေမွသွားတယ်လို့ သိရတယ်။ ဆရာဝန်တွေက စစ်ဆေးတာတွေ လုပ်နေတယ်။ အကောင်းပကတိအတိုင်း ပြန်ကုသလို့ ရမရတော့ သေချာမသိရသေးဘူးလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်လှေကားနဲ့ စက်လှေကား အသုံးပြုမှုတွေ များလာတာနဲ့အမျှ စက်ချို့ယွင်းမှုကြောင့် မတော်တဆမှုတွေ မဖြစ်အောင် ပုံမှန်စစ်ဆေးပြုပြင်တာနဲ့ လုံခြုံရေးစံနှုန်းအတိုင်း အသုံးပြုတာတွေ လိုအပ်ပါတယ်။

ဓာတ်လှေကားနဲ့ပတ်သက်ပြီး အရင်ကလည်း မတော်တဆမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်တွေကို ရက်စွဲနဲ့တကွ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကနေ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်မှာ ဓာတ်လှေကားနဲ့ စက်လှေကားတွေရဲ့ လုံခြုံရေးအတွက် တရားဝင်စစ်ဆေးပြီး အသုံးပြုခွင့်လက်မှတ် ထုတ်ပေးတဲ့စနစ် ရှိပါတယ်။

လျှပ်စစ်ဥပဒေ ပုဒ်မ ၃၂ နဲ့ နည်းဥပဒေ ၉၁() ကို အခြေခံပြီး စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးပေးတာဖြစ်ပြီး အသုံးပြုခွင့်လက်မှတ် သက်တမ်းက ထုတ်ပေးတဲ့နေ့ကနေ တစ်နှစ် ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတ်လှေကားနဲ့ စက်လှေကား တပ်ဆင်အသုံးပြုရာမှာ စက်တပ်ဆင်ပုံ၊ လျှပ်စစ်နဲ့ ထိန်းချုပ်စနစ်၊ စမ်းသပ်စစ်ဆေးမှုနဲ့ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေကို လိုက်နာဖို့လည်း သတ်မှတ်ထားပါတယ်။

By – Zami

Show More

Leave a Reply

Back to top button