ရေကြောင်းလမ်း အမြန်ပြန်ဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆို

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားတဲ့ ဖားကန့်ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဟုမ္မလင်းဆယ်ဇင်း ရေကြောင်းလမ်းကို SNA က စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလဝန်းကျင်ကစပြီး ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

လမ်းပိတ်ထားတာကြောင့် ဟုမ္မလင်းနဲ့ ဖားကန့်ဘက်ကို သွားလာတဲ့သူတွေဟာ မန္တလေး၊ မြစ်ကြီးနားဘက်ကို ကွေ့ပတ်သွားလာနေရပြီး ခရီးချိန်နဲ့ ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ သိရပါတယ်။

ဟုမ္မလင်းကနေ ဖားကန့်ဘက်သွားတဲ့ ရေကြောင်းလမ်းက ပိတ်ထားတာ ကြာပြီ။ အဲဒါပိတ်ထားလို့ အခု ဖားကန့်ဖြစ်ဖြစ် သွားချင်ရင် ဟုမ္မလင်းကနေ မန္တလေးအထိ ဆင်းရတယ်။ အဲကနေတဆင့် မြစ်ကြီးနား၊ အဲကနေတဆင့် ဖားကန့်ကို ပြန်ဆက်ရတာ နှစ်ဆင့်၊ သုံးဆင့် သွားနေရတာ အဆင်မပြေဘူး။ ရေလမ်းမပိတ်ရင် တစ်ညနဲ့ ရောက်တယ်။ ပြန်ဖွင့်ပေးရင် ကောင်းမယ်လို့ အသက် ၅၀ ကျော်အရွယ် ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီရေကြောင်းလမ်းဟာ ဟုမ္မလင်းမြို့ကနေ ကက်သာကျေးရွာ (ဒေသအခေါ် ကျက်သလောက်ရွာ) အထိ သွားလာနိုင်ပြီး ကက်သာကနေတဆင့် ဖားကန့်မြို့နယ်ထဲက ဆယ်ဇင်းနဲ့ ဟောင်ပါးဘက်အထိ ဥရုချောင်းအတိုင်း ဆက်သွားနိုင်တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ဟုမ္မလင်းကနေ ကက်သာအထိ သွားလာလို့ရပေမယ့် ကက်သာကျော်ပြီး ဖားကန့်ဘက်ကိုတော့ SNA က သွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလောလောဆယ် ဟုမ္မလင်းကနေ ကျက်သလောက်ရွာအထိတော့ သွားလို့ရတယ်။ ကျက်သလောက်ကနေ ဟိုဘက်ကိုတော့ သွားလို့မရဘူး။ ကျက်သလောက်ရွာကနေ SNA က ပိတ်ထားတာလို့ အထက်ဖော်ပြပါ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရေကြောင်းလမ်းပိတ်ထားတာကြောင့် ဟုမ္မလင်းဘက်နဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်က ခရီးသွားပြည်သူတွေဟာ မုံရွာ၊ မန္တလေးဘက်ကို ကွေ့ပတ်သွားလာနေရတာကြောင့် ခရီးစရိတ် ပိုကုန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိအခြေအနေမှာ မန္တလေးကနေ မြစ်ကြီးနားအထိ လေယာဉ်စီးပြီး အဲဒီကနေ ကားနဲ့ ဆက်သွားရတာကြောင့် တစ်ဖက်သွားစရိတ် ကျပ်သိန်း ၂၀ ဝန်းကျင်အထိ ကုန်ကျတယ်လို့ ဆိုပါတယ်။

အဓိကတော့ ငွေပိုကုန်တာပေါ့။ အခုအခြေအနေအရ မန္တလေးကနေ မြစ်ကြီးနားအထိ လေယာဉ်နှစ်ဆင့်ခံစီးရတယ်။ အဲကနေတဆင့် ကားပြန်စီးရတယ်။ အသွားကိုပဲ လေယာဉ်စရိတ်၊ ကားစရိတ် သိန်း ၂၀ ဝန်းကျင်ကုန်တယ်။ ရေလမ်းကြောင်းဆိုရင် ဟုမ္မလင်းကနေ ကက်သာအထိ နှစ်သိန်းခွဲ၊ ဟိုဘက်ကို လမ်းဖွင့်ရင် သုံးသိန်းဝန်းကျင်လောက်ရှိမယ်ဆိုတော့ ငါးသိန်း၊ ခြောက်သိန်းပဲ ကုန်မှာ။ အခုက သိန်း ၂၀ လောက်ကုန်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပုံမှန်အခြေအနေမှာ ဟုမ္မလင်းကနေ ဆယ်ဇင်း၊ ဟောင်ပါးဘက်အထိ စက်လှေစီးပြီး အဲဒီကနေတဆင့် ဖားကန့်ကို ကား၊ ဆိုင်ကယ်တွေနဲ့ ဆက်သွားနိုင်တာကြောင့် ခရီးချိန် တစ်ညကနေ နှစ်ရက်လောက်သာ ကြာပြီး ကုန်ကျစရိတ်က ကျပ် ၅ သိန်းကျော်လောက်သာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြောင်းရှိရင်တော့ ဟုမ္မလင်းကို သွားရတာ မခက်ဘူး။ ဟောင်ပါးကနေ ဆယ်ဇင်းကနေတဆင့် ဟုမ္မလင်းအထိ ဆင်းသွားရုံပါပဲ။ စက်လှေခလည်း သိပ်မကုန်ဘူး။ အခုက မြစ်ကြီးနားအထိ တက်ပြီး အဲကနေတဆင့် မန္တလေးကို ဆင်းရသေးတယ်။ အဲကနေမှ ဟုမ္မလင်းရောက်မှာဆိုတော့ အဝေးကြီးကို ပတ်သွားနေရတာ အဆင်မပြေဘူးလို့ ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကက်သာကျေးရွာဟာ ဟုမ္မလင်းမြို့နယ်ထဲမှာ တည်ရှိပြီး လက်ရှိ SNA က ထိန်းချုပ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ 

ကက်သာကျော် ကချင်ပြည်နယ်ဘက်ခြမ်းမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာကြောင့် SNA က ရေကြောင်းလမ်းကို ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာလည်း ဖားကန့်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ် ဆယ်ဇင်းကျေးရွာအနီးတဝိုက်မှာ SNA တပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button