ဆင်လုံဒမ်းရွာလယ်ခေါင်က ချောင်းမှာ ရွှေတူးဖော်နေ

ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်ထဲက ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ဆင်လုံဒမ်းချောင်းမှာ ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆင်လုံဒမ်းကျေးရွာမှာ နေထိုင်သူတွေ သုံးရေအတွက် အဓိကအားထားနေရတဲ့ ရွာလယ်ခေါင်က ချောင်းထဲမှာ ပြီးခဲ့တဲ့လကစပြီး ရွှေလုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်နေကြတာကြောင့် ချောင်းရေသုံးလို့မရတော့ဘဲ ရွာခံတွေ သုံးရေအခက်အခဲ ဖြစ်နေကြောင်း အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ရေချိုး၊ အဝတ်လျှော် အဲဒီချောင်းမှာပဲ သုံးကြတယ်။ နွေနဲ့ ဆောင်းပိုင်းဆိုရင် တွင်းရေခမ်းတော့ အဲဒီချောင်းကိုပဲ အားကိုးနေရတာဗျ။ ဒီရက်ပိုင်းတွေကတော့ လုံးဝသုံးလို့မရတော့ဘူး။ ရေတအားနောက်တယ်။ ရေငုပ်စက်တွေနဲ့ တူးနေတာ။ အခုက ရွာဘေးတွေတူးကုန်တော့ ရွာထဲက ချောင်းမှာပါ ရွှေတူးကုန်ပြီဗျာ လို့ သူက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဆင်လုံဒမ်းရွာလယ်ခေါင်တည့်တည့်က ချောင်းမှာ ရေငုပ်စက် သုံးစင်းနဲ့ ရွှေတူးဖော်နေပြီး ရွှေတူးဖော်မှုကြောင့် ချောင်းရေ ပျက်စီးတာ၊ မြေပြိုတာတွေ ရှိနေသလို ချောင်းအနီးက အိမ်ခြံဝင်းတွေ ထိခိုက်ပျက်စီးလာမှာကိုလည်း စိုးရိမ်နေရပါတယ်။

လောလောဆယ်ကတော့ ချောင်းရေ သုံးမရတော့တဲ့ အခြေအနေပါ။ ဒီစက်တွေ ဆက်တူးလာရင်တော့ နောက်ဆို ချောင်းဘေးတစ်လျှောက်က အိမ်တွေလည်း ပါသွားမှာ လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆင်လုံဒမ်းချောင်းရဲ့ အောက်ဘက်မှာရှိတဲ့ ခန်ချိုကျေးရွာက ဒေသခံတွေကလည်း အဲဒီချောင်းရေကို သုံးရေအတွက် အဓိက အားထားနေရကြောင်း သိရပါတယ်။

ကျနော်တို့ ဆင်လုံဒမ်းအောက်ဘက်မှာ ခန်ချိုရွာရှိသေးတယ်။ ခန်ချိုရွာကလည်း ဒီချောင်းရေကိုပဲ သုံးနေတာ ဟုတ်တယ် လို့ အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ အတည်ပြုချက်အရ အဲဒီရွှေတူးဖော်မှုကို မချမ်းဘော့မြို့စောင့်တပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဆင်လုံဒမ်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ရဲ့ ခွင့်ပြုချက်နဲ့ တူးဖော်နေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့် အချက်ကိုတော့ KNG က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ချောင်းအတွင်း ရွှေတူးဖော်မှုကြောင့် ဆင်လုံဒမ်းနဲ့ ခန်ချိုကျေးရွာ နှစ်ရွာမှာ သုံးရေခက်ခဲနေသလို ဆက်လက်တူးဖော်လာမယ်ဆိုရင် ကျေးရွာမြေနေရာ ပျက်စီးတာ၊ ချောင်းအနီးက နေအိမ်တွေ ရေဘေးနဲ့ မြေပြိုမှုအန္တရာယ် ကြုံလာနိုင်တာတွေကြောင့် သက်ဆိုင်ရာက စိစစ်ပြီး အမြန်ဆုံး ရပ်တန့်ပေးစေလိုကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာလည်း ဆင်လုံဒမ်းကျေးရွာ ပတ်ဝန်းကျင်က တောစပ်တွေနဲ့ ကျေးရွာလယ်ယာမြေတွေမှာ ရွှေအလွန်အကျွံ တူးဖော်ခဲ့တာကြောင့် လက်ရှိမှာ ကျေးရွာလယ်မြေ သုံးပုံနှစ်ပုံခန့် ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဒေသမှာတော့ ၂၀၂၃ ခုနှစ်လောက်ကစပြီး စက်ယန္တရားအသေးစားတွေနဲ့ ရွှေတူးဖော်မှုတွေ စတင်ရှိလာခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုကာ ရပ်ကွက်၊ ကျေးရွာ၊ လယ်ယာမြေတွေနဲ့ မြစ်ချောင်းတွေထဲအထိ အလွန်အကျွံ တူးဖော်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပူတာအိုအပြင် တနိုင်း၊ မြစ်ကြီးနား၊ မိုးညှင်း၊ ရွှေကူနဲ့ မံစီမြို့နယ်တွေမှာလည်း အကြီးစားရွှေတူးဖော်မှုတွေ သိသိသာသာ မြင့်တက်လာပေမယ့် ပူတာအိုဒေသမှာတော့ လယ်ယာမြေတွေ၊ မြစ်ချောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတဲ့အထိ ရွှေတူးဖော်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ထောက်ပြပါတယ်။

Photo- ဆင်လုံဒမ်း ကျေးရွာအတွင်း ရွှေတူးဖော်နေတဲ့မြင်ကွင်း

Show More

Leave a Reply

Back to top button