ဗလမင်းထင်တံတားကနေ အခြေခံစားသောက်ကုန်တွေ အမြန်ဆုံးတင်သွင်းခွင့်ပြုဖို့ တောင်းဆို
မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေဝင်ရောက်လာတဲ့ ဗလမင်းထင်တံတားကနေ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားတာ အခုဆိုရင် တစ်လကျော်ရှိလာပြီလို့ ကုန်သည်တွေနဲ့ ပြည်သူတွေက ပြောပါတယ်။
အခုလို အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့်မရတော့တဲ့အတွက် စက်လှေနဲ့ အဆင့်ဆင့် လွှဲပြောင်းသယ်ယူနေရသလို တစ်ဖက်မှာလည်း သယ်ယူစရိတ်တွေ အဆင့်ဆင့် ပိုကုန်ကျလာတာကြောင့် မြစ်ကြီးနားမြို့မှာ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ ပြည်သူတွေက ပြောပါတယ်။
ဒါကြောင့် ဗလမင်းထင်တံတားကနေ တရားဝင်သယ်ယူခွင့်ပြုဖို့ ကုန်သည်တွေနဲ့ ပြည်သူတွေပြောပါတယ်။
“ဝိုင်းမော်ကနေ မြစ်ကြီးနားကို ကားနဲ့သယ်ဖို့ ဗလမင်းထင်တံတားမှာ မသယ်ခိုင်းတာဟုတ်တယ်။ အကြောင်းပြချက်က ခိုင်ခိုင်မာမာပြောတာလည်းမရှိဘူး ဒီလိုပဲလုပ်နေရင် ပြည်သူတွေပိုခက်ခဲလာလိမ့်ယ်” လို့ ကုန်သယ်ယူမှု အခြေအနေသိတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားဟာ မြစ်ကြီးနားမြို့အတွက် ကုန်စည်စီးဆင်းရာမှာ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရက ဗလမင်းထင်တံတားကနေ အခြေခံစားသောက်ကုန်တွေ တင်ဆောင်လာတဲ့ ကုန်ကားတွေ ဝင်ရောက်ခွင့်ကို ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကတည်းက ပိတ်ထားတာကြောင့် အခုဆိုရင် တစ်လကျော်ကြာလာပြီလို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
တံတားကနေ ကုန်ကားတွေနဲ့ တိုက်ရိုက်သယ်ယူခွင့် မရတော့တာကြောင့် ကုန်ပိုင်ရှင်တွေဟာ စက်လှေတွေသုံးပြီး ကုန်ပစ္စည်းတွေကို အဆင့်ဆင့် လွှဲပြောင်းသယ်ယူနေရတာ လချီကြာလာပြီလို့ သိရပါတယ်။
ကားကနေ စက်လှေ၊ စက်လှေကနေ တစ်ဆင့် ပြန်လည်လွှဲပြောင်းသယ်ယူရတာကြောင့် ကုန်တင်ကုန်ချလုပ်အားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုများလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးပြောပြချက်အရ တံတားကနေ ကုန်စည်တွေ တိုက်ရိုက်ဝင်ရောက်ခွင့် ပိတ်ထားရတဲ့အကြောင်းရင်းဟာ တရုတ်နိုင်ငံကနေ ကြက်ဥအတုတွေ ဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်–၁၉ ရောဂါ ပြန်လည်ကူးစက်လာတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကုန်စည်စီးဆင်းမှုကို တစ်လကျော်ကြာ ကန့်သတ်ထားတာကြောင့် ကုန်သည်တွေဘက်မှာ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ပိုများလာသလို စက်လှေတွေနဲ့ အဆင့်ဆင့် လွှဲပြောင်းသယ်ယူနေရတာကြောင့် ကုန်ကျစရိတ် မြင့်တက်လာပြီး အဲဒီစရိတ်ကို ကုန်သည်တွေက ကုန်ဈေးနှုန်းထဲ ပြန်ထည့်တွက်နေရပါတယ်။
ဒီအခြေအနေကြောင့် မြစ်ကြီးနားမြို့တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့လည်း စျေးသည်တစ်ဦးပြောပါတယ်။
“ခုက တစ်ချို့ စက်လှေနဲ့သယ်တာတွေလုပ်နေတယ်။ လုပ်အားခ သယ်ယူခအဆင့်ဆင့်ကုန်တော့ ဒါတွေက ကုန်စျေးနှန်းထဲထည့်တွက်ရမှာပဲလေ”လို့ ပြောပါတယ်။
အခြေခံစားသောက်ကုန်ဈေးတက်လာတာဟာ ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် ပိုပြီး အခက်အခဲဖြစ်စေတယ်လို့ မြစ်ကြီးနားဒေသခံတွေက ထောက်ပြပါတယ်။
နေ့စဉ်စားသောက်ဖို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ဈေးနှုန်းပိုပေးပြီး ဝယ်နေရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ကုန်ကျစရိတ် ပိုများလာတယ်လို့ ဆိုပါတယ်။
“ကုန်တွေကို ဒီလိုအဆင့်ဆင့် သယ်ရတော့ အရင်ကထက် ကုန်ကျစရိတ်ပိုများတယ်။ ကုန်ဈေးတက်လာတော့ ဝယ်စားရတဲ့သူတွေအတွက်လည်း ပိုခက်လာတယ်”လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလော မြစ်ကြီးနားမြို့မှာ ဆန်စျေးတက်နေတဲ့အပြင် ကြက်ဥတစ်လုံး တစ်ထောင်၊ ငါးတစ်ပိသာ ၅၀၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁၂၀၀၀ ကျပ်၊နဲ့တစ်ခြားသောကုန်ပစ္စည်းတွေလည်း စျေးတက်နေတယ်လို့သိရပါတယ်။
ဗလမင်းထင်တံတားကနေ ကုန်စည်တွေ တိုက်ရိုက်ဝင်ရောက်ခွင့် ပိတ်ထားတာဟာ မြစ်ကြီးနားမြို့ရဲ့ ကုန်စည်စီးဆင်းမှုအပေါ် တိုက်ရိုက်သက်ရောက်နေပါတယ်။
အထူးသဖြင့် ဝိုင်းမော်ဘက်ကနေ မြစ်ကြီးနားဘက်ကို ကုန်ကားတွေနဲ့ တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းဖြစ်တာကြောင့် တံတားကနေ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာဟာ မြို့တွင်းကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ ကုန်စည်တွေကို စက်လှေနဲ့ အဆင့်ဆင့် လွှဲပြောင်းသယ်ယူနေရတာ လချီကြာလာသလို သယ်ယူရေးအခက်အခဲနဲ့ ဈေးနှုန်းမြင့်တက်မှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တွေ ပုံမှန်ဝင်ရောက်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ ဗလမင်းထင်တံတားကနေ အခြေခံစားသောက်ကုန်တွေ အမြန်ဆုံး တင်သွင်းခွင့်ပြုပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
By – Zami




