နန့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခံရ၊ လေယာဉ်ဆင်းသက်မရသေး
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နန့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာ ၁၀ ရက်အထိ လေယာဉ်တွေ ပုံမှန်ဆင်းသက်လို့ မရသေးဘူးလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် ည ၈ နာရီခန့်မှာ နန့်ပေါင်လေတပ်စခန်းထဲကို ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေယာဉ်ကွင်းနေရာတချို့ ထိခိုက်ခဲ့ပြီး လေယာဉ်တွေ ပုံမှန်ဆင်းသက်လို့ မရသေးတာလို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ရှော့တိုက်ဒုံးကျပြီးတဲ့နောက် လေယာဉ်ကွင်းဘက်မှာ ထိခိုက်တာရှိတယ်။ အဲဒီကတည်းက လေယာဉ်တွေ ပုံမှန်ဆင်းသက်လို့ မရသေးဘူး” လို့ စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲပြီးနောက် ပမ္မတီးအဝင်အထွက်နေရာတွေမှာလည်း စစ်ဆေးမှုတွေ တင်းကြပ်ထားပြီး ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးတာတွေ ရှိနေတယ်လို့ ပမ္မတီးဒေသခံတစ်ဦးက ပြောပါတယ်။
“လေတပ်စခန်းဘက်မှာ လုံခြုံရေးတင်းကြပ်ထားတယ်။ ပမ္မတီးအဝင်အထွက်မှာလည်း စစ်ဆေးတာတွေ ပိုများလာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နန့်ပေါင်လေတပ်စခန်းဟာ မြစ်ကြီးနားမြို့အနီးမှာရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် အသုံးပြုတဲ့ လေကြောင်းအခြေစိုက်စခန်းတစ်ခု ဖြစ်ပါတယ်။
ဒီလေတပ်စခန်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရှော့တိုက်ဒုံးနဲ့ ဒရုန်းတွေ အသုံးပြုပြီး မကြာခဏ တိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာ နန့်ပေါင်လေတပ်စခန်းဘက်မှာ လုံခြုံရေးတွေ တင်းကြပ်ထားသလို ပမ္မတီးအဝင်အထွက်နေရာတွေမှာလည်း စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – Zami




